မြန်မာ့အရေးလှုပ်ရှားသူ ရှေ့နေ လူ့အခွင့်အရေးဆုရ
လူ့အခွင့်အရေး မြှင့်တင်ရေးနဲ့ ကာကွယ်စောင့်ရှောက်ရေး ကိစ္စတွေမှာ စွမ်းစွမ်းတမံ ဆောင်ရွက်နေတဲ့အတွက် မြန်မာ့အရေး ဆောင်ရွက်နေသူတဦး ဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန် ဒီစီ အခြေစိုက် Freedom Now အဖွဲ့က ရှေ့နေ Jared Genser ကို ၂၀၁၀ ပြည့်နှစ် လူ့အခွင့်အရေး ဆုရှင်တဦးအဖြစ် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် Bronfman Foundation က ရွေးချယ်လိုက်ပါတယ်။
လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေသူ၊ Freedom Now အဖွဲ့၏ ဥက္ကဋ္ဌ ရှေ့နေ မစ္စတာ ဂျာရတ်ဒ် ဂင်ဆာ ဖြစ်ပါသည်။ (Photo: Courtesy of Freedom-Now.org)
ရှေ့နေ Mr. Genser ဟာ မြန်မာအပါအဝင် နိုင်ငံတကာက လူ့အခွင့်အရေး၊ လူသားချင်းစာနာမှု အကူအညီပေးရေးတွေမှာ ဆောင်ရွက်နေတဲ့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန် ဒီစီ အခြေစိုက် Freedom Now အဖွဲ့က ဦးဆောင်သူတဦး ဖြစ်ပြီး၊ ၂၀ဝ၅ ခုနှစ်က မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ နိုင်ငံတကာ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို ထိခိုက်ကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တင်ပြခဲ့တဲ့ ‘ဟာဗဲ တူးတူး အစီရင်ခံစာ’ကို ပူးတွဲပြုစုသူနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစု ရှေ့နေတဦး စသဖြင့် ထင်ရှားသူ တဦးလည်း ဖြစ်ပါတယ်။
မြန်မာ၊ ကျူးဘား၊ အီဂျစ်၊ ဥစ္စဘက်ကစ္စတန် ၊ ဗီယက်နမ်နိုင်ငံတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အကြမ်းမဖက်ပဲ ငြိမ်းချမ်းတဲ့ နည်းနဲ့ နိုင်ငံတကာသိ ၊ တောင်းဆို လှုပ်ရှားနေသူရဲ့ အခန်းကဏ္ဍကို မြှင့်တင်ဖို့ အခုလို ဆုချီးမြှင့်တာ ဖြစ်တယ်လို့ ဆုပေးတဲ့ Charles Bronfman အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒီဆုဟာ လူသားချင်းစာနာမှုနဲ့ လူ့အခွင့်အရေးတွေကို အမြော်အမြင်ရှိရှိနဲ့ စွမ်းစွမ်းတမံ ဆောင်ရွက်နေတဲ့ အသက် ၅၀ အောက် လူပုဂ္ဂိုလ်နဲ့ အဖွဲ့တွေကို ဂုဏ်ပြုတဲ့ဆု ဖြစ်ပြီး Mr. Genser နဲ့ အတူ အာဖရိ ဒုက္ခသည် ပြန်လည်ထူထောင်ရေး ဆောင်ရွက်နေသူ Mapendo International အဖွဲ့က Mr. Sasha Chanoff က ပူးတွဲရရှိပါတယ်။ဆုငွေအဖြစ် တဦးကို အမေရိကန်ဒေါ်လာ ၁ သိန်းစီ ချီးမြှင့်မယ်လို့ သိရပါတယ်။

copy from : RFA (လွတ်လပ်တဲ့ အာရှအသံ) www.rfa.org/burmese
0 comments:
Post a Comment