Now Loading......
Information & Technology Network (ITN) is an open group.
IT knowledge sharing, Solving IT problem (proxy, virus, password recovery, etc;) Questions and Answers for Myanmar (Burma) young peoples.
Please Join with ITN
If you don't listen to radio, click to stop. Thank you !

NLD ရွေးကောက်ပွဲ ၀င်မည် စဉ်းစား နေသည်၊ ထို့ကြောင့် ဤသို့ ဝေဖန် ရပါသည်

စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေကို ဝေဖန် နေကြသည်။ ပြည်တွင်းမှ နိုင်ငံရေး ပါတီများ၊ နိုင်ငံတကာမှ အစိုးရများ အပြင် ကုလသမဂ္ဂ မှပါ ဝေဖန် နေကြပါသည်။ ယင်းကား ဤဥပဒေမှာ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်ပြီး ထုတ်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် တရားမျှတမှု မရှိဟု တညီ တညွတ်တည်း ပြောဆို နေကြသည်။ ဤနေရာ၌ အရှည်သဖြင့် မရေးချင်တော့။ လူတိုင်း လိုလို ရွေးကောက်ပွဲ ဥပဒေကို လေ့လာပြီး ကြပြီး ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကမူ ပို၍ပင် လေ့လာ တွက်ချက်ပြီးကြပြီး ဖြစ်သည်။

တချိန်ထဲမှာပင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစည်းဝေး မတိုင်ခင်က တပါတ် အလိုကပင် ကျွန်တော်သည် ဆောင်းပါးဖြင့် သတိပေး ရေးသားခဲ့သည်။ သူတို့ အဖွဲ့ချုပ် အတွင်း စိတ်ဝမ်း မကွဲကြရန် ၊သွေးစည်း ညီညွတ်ရန် ရေးသားတင် ပြခဲ့သည်၊ ယခုတော့ အစည်းအဝေး ထိုင်ပြီးသည်နှင့် ကွဲပြဲလာနေ ကြပြီဆိုသော သတင်း ကြားလာရပြီ။

NLD ၏ နောက်ခံ သမိုင်းကို ဤနေရာ၌ စဉ်းစား ကြည့်သည်။ နိုင်ငံရေး ပါတီအဖြစ် ပေါ်ပေါက်လာခြင်း၊ လှုပ်ရှားလာခြင်း မှသည် ယခု အချိန်ထိ လေ့လာကြည့်သည်။ မတရားအမိန့်ကို တာဝန်အရ ဖီဆန်ကြ ဆိုသော စကားမှာ သူတို့ဆီက လာသော ကြွေးကြော်သံ ဖြစ်သည်။ ယခု မတရားသော အမိန့်ကို ထုတ်ထားပါသည်။ သူတို့ မည်သို့ အတွက်ကြောင့် မဖီဆန်ကြပါ သနည်း။ နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံတင် လိုက်သည် ဆိုလျင် ရွေးကောက်ပွဲကို ၀င်ရမည်ဖြစ်သည်၊

ရွေးကောက်ပွဲကို ၀င်လျင် ၉၀ ခုနှစ် ကလို NLD က တနိုင်ငံလုံးတွင် မဲ အပြတ်အသတ် နိုင်မည်ဟု ထင်လျှင် ငါးပါးကြီးမှောက် ပါလိမ့်မည်၊ ရိုးစင်းစွာ ပြောလိုပါသည်၊

ကောင်းပါပြီ။ ယခု စစ်အစိုးရက တနိုင်ငံလုံးတွင် အကွက်ချပြီး စီစဉ်နေပြီး ဖြစ်သည်။ စစ်အစိုးရ၏ ကောက်ကျစ် ယုတ်မာမူများကို ယခုကတည်းက ကြားနေကြသည်။ သူတို့ကို မည်သို့ နည်းနှင့်မျှ ယှဉ်နိုင်ရန် အကြောင်းတရား မရှိချေ။ သူတို့မှ တရား ဥပဒေ မရှိ။

၎င်းမှာ ရွေးကောက်ပွဲကို ၀င်လျှင် အရှုံးနှင့် ရင်ဆိုင် ရမည်ကို လွယ်လွယ်က လေး သုံးသပ် တင်ပြခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် မပါသော ၊ဦးဝင်းတင် မပါသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် မည်သည့် နည်းနှင့်မျှ ပျံသန်းနိုင်သော အခြေအနေ မရှိ။ တောင်ပံ ကျိုးနေသော ငှက် တကောင်လို ဖြစ်နေ ပါလိမ့်မည်။ ထားပါတော့ ။ နိုင်လျှင်လည်း ရှုံး ရှုံးလျှင်လည်း ရှုံး လုပ်မည့် ဤပြိုင်ပွဲမှာ မည်သည့် နည်း နည်းနှင့်မျှ ၀င်ပြိုင် သင့်စရာ အကြောင်း မရှိ။ ဤအချက်ကို ထည့်တွက် ကြည့်ရန် အရေးကြီးသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် အဖွဲ့အစည်း တခု ပါတီ တခု ဖြစ်သည်။ သို့သော် ယင်း အဖွဲ့ချုပ်ထက်၊ အဖွဲ့အစည်းထက် ၊ အခြား လူပုဂ္ဂိုလ် များထက် ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်ပုဒ်က ပို၍ ကြီးမားပါသည်။ သူမမှာ နိုင်ငံရေး သြဇါတိက္ကမ အလွန် ရှိပါသည်။ သူမကြောင့် နိုင်ငံတကာမှ လေးစား နေကြခြင်း ဖြစ်သည်။ အဖွဲ့ချုပ်မှ နိုင်ငံရေး ပေါ်လီစီကြောင့် ၊ တော်လို့ တတ်လို့ကြောင့်၊ မူဝါဒ ချမှတ်နိုင်ခြင်းကြောင့် ပြည်ပမှ လေးစား နေကြခြင်း မဟုတ်။ နိုင်ငံတကာမှ လေးစား နေကြခြင်း မဟုတ်။ ဒေါ်အောင်ဆန်းစုကြည်ကို လေးစား နေကြခြင်းကြောင့် ဆိုသည်ကို ကမ္ဘာကြီး တခုလုံးရှိ လူတိုင်း သိရှိ နားလည် ကြပါသည်။

နောက်တခုမှာ ၂၀၀၈ ရွေးကောက်ပွဲ ဥပဒေကို ကာကွယ် စောင့်ရှောက် ပါမည်ဟု လက်မှတ် ထိုးရတော့မည်။ မည်သည့် လက်မျိုးနှင့် ယင်း မှတ်ပုံတင် စာရွက်ပေါ်မှာ လက်မှတ် ထိုးရန် ကောင်းပါသည် ခင်ဗျားဆိုကာ ကာကွယ် စောင့်ရှောက် ပါမည်ဟု ခံဝန် ဂတိ လက်မှတ် ထိုးရမည် ဆိုခြင်းမှာ NLD အဖို့ ရှက်စရာ ဖြစ်သည်။ ယင်းမှာ နိုင်ငံရေး ပြဿနာ ဖြစ်သည်။ နိုင်ငံရေး ပါတီ အဖြစ် ရပ်တည်ရေးမှာ မူဝါဒ ခိုင်မြဲစေရန် အရေးကြီးသည်။ မိမိ မူဝါဒ ထိခိုက် နေပြီဆိုလျှင် သတိထား ရတော့မည် ဖြစ်သည်။ မူဝါဒ ကင်းမဲ့သော ပါတီ အဖြစ် သက်ရောက် သွားပြီဆိုက ယင်းနိုင်ငံရေး ပါတီမှာ လှုပ်ရှားရန် မလွယ်ကူတော့။ လူတွေ အယုံအကြည် နည်းပါးသွားသည်။ ယခုတောင်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပုဂ္ဂိုလ်တွေကို ပြည်သူတွေက စိတ်ပျက် နေကြပါပြီ။

ဝန်းနည်းစရာ ကောင်းသည်မှာ အင်မတန် တက်ကြွသော အဘ ဦးဝင်းတင်က မှတ်ပုံတင်မည် ဆိုပါက အနား ယူတော့မည်။ အဖွဲ့ချုပ်မှ ထွက်ပါတော့ မည်ဟု ပြောဆိုလာသည်။ ဤသည်မှာ အလွန် အရေးကြီေးသာ အကြောင်းအရာ ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ ခြင်္သေ့ ကဲ့သို့ ရဲရင့်သော ဒေါ်အောင်ဆန်းစုကြည် ကရှိနေပြီး ကျားကဲ့သို့ သတ္တိ ကောင်းသော အဘ ဦးဝင်းတင်က ၀န်းရံ ထားနေ၍သာ ဤအဖွဲ့ချုပ်က ဂုဏ်သတင်း ကျော်ကြား နေခြင်း ဖြစ်သည်။ ပါတီ မှတ်ပုံတင်လျှင် ဒေါ်အောင်ဆန်းစုကြည် သည်လည်း အဖွဲ့ချုပ်တွင် မပါဝင်တော့ ။ ချက်ချင်း ဦးဝင်းတင်က ထွက်သွား၍ အဖွဲ့ချုပ်တွင် မပါဝင်တော့ဟု ပြော၍ ရနိုင်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာလတွင် လွပ်မြောက် လာမည်မို့ ယင်းအချိန်မှာ အဖွဲ့ချုပ်တွင် နိုင်ငံရေး တာဝန်က ဆက်လက် ထမ်းဆောင် နိုင်ပါသည်ဟု ပြောသံ ကြားရသည်။ ဘယ်အချိန်မှာ လွတ်မည်မှန်း မသိသော အခြေအနေကို ထည့်ပြီး စဉ်းစားနေသည်မှာ သဘာဝတော့ မကျလှချေ။

သို့သော် ဒေါ်အောင်ဆန်းစုကြည်က အဖွဲ့ချုပ်သို့ ခုထွက်လိုက် ခုပြန်ဝင်လိုက်နှင့် လိပ်ခေါင်းလို နိုင်ငံရေး လုပ်မည့် သူတော့ မထင်။ မူဝါဒတွေ၊ ပေါ်လီစီတွေ၊ နှင့် ခံယူချက် ပြင်းထန်သော သူမို့ ဤမျှ စည်းပျက် ကမ်းပျက် ဖြစ်နေသော မခိုင်မြဲသည့် ပုဂ္ဂိုလ်တို့နှင့် လက်တွဲ လိမ့်မည် မထင်တော့ချေ။ သူမ တဦးတည်းကို လွှတ်ပေးရုံနှင့် မပြီးသေး၊ အဖမ်းဆီး ခံနေရသော နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးမှသာ သူမ ဖမ်းဆီး ထားရာမှ လွှတ်ပေးမည်ကို လက်ခံမည်ဟု ပြောဆိုထားသူ ဖြစ်သည်။ ပြီးတော့ မတရားတဲ့ အမိန့် အာဏာ ဟူသမျှ တာဝန်အရ ဖီဆန်ကြရန် ဒေါ်အောင်ဆန်းစုကြည်က မနေ့ကဘဲ ပြောသေးသည်။

ခြင်္သေ့လည်း မရှိ ကျားလည်း မရှိသော ယင်းဂူကို စစ်အစိုးရက မည်သည့် အချိန်မဆို ဖြိုဖျက် နိုင်သည်ကို မမေ့လျှော့သင့်။ အဓိက လုပ်စရာ တခုသာ ရှိသည်။ ယင်းအချက်ကို မေ့နေကြသည်၊ ယခု စစ်အစိုးရက တချက်ခုပ် သုံးချက်ပြတ် လုပ်လိုက်သည်၊ မှတ်ပုံတင် သည်နှင့် ၂၀၀၈ ဥပဒေတွေလည်း အတည် ဖြစ်ပြီ။ ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား ဖမ်းဆီး ခံနေရသော သူတွေလည်း ယင်း အဖွဲ့ချုပ်မှာ မရှိတော့။ သူတို့ကလည်း သက်ဆိုးရှည်မည်၊ ဤအချက်တွေကို NLD က ဖြေရှင်းနည်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို အဖွဲ့ချုပ်က ထုတ်ပါယ် လိုက်သောနည်းဖြင့် ဖြေရှင်းခြင်းမှာ အထူး ရှက်စရာ ဖြစ်သည်။ ယင်းနည်းမှာ မလိုအပ်သော အချက်ဖြစ်သည်။

သည်လို ဆိုလျင် ဒေါ်အောင်ဆန်းစုကြည်လည်း အဖွဲ့ချုပ်မှာ ရာသက်ပန် ရှိနေရမည့် နည်းလမ်း၊ ၂၀၀၈ ဥပဒေ ပျက်စီးစေမည့် နည်းလမ်း၊ စစ်အစိုးရ ဖြုတ်ချစေမည့် နည်းလမ်းများကို ရှာကြံသင့်သည်၊ ထို့ကြောင့် နိုင်ငံရေး သုံးသပ်သူများက ရှာဖွေ ဆန်းစစ် နေကြသည်၊ ကျွန်တော် ရှာဖွေသော နည်းလမ်းကို ရဲဝံ့စွာ တင်ပြချင်သည်။ နိုင်ငံရေး ပြဿနာကို တင်ပြခြင်းမို့ လူတွေကို သေတွင်း ပို့ခြင်း ဟုတော့ မထင်မှတ် စေလို။ အဘ ဦးဝင်းတင် ပြောသလို အကြောက်တရားကို စွန့်ကြ။ သွေးစည်း ညီညွတ်ကြ။ စစ်အာဏာရှင် စနစ် ကျဆုံးရေး အတွက် ရည်မှန်းချက် ရှိကြစေရန် ရည်ရွယ်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဗဟို ကော်မီတီတွေကို တင်ပြခြင်း ဖြစ်သည်။

Mandate ရထားပါသည်ဟု ခဏခဏ ပြောနေသော လွှတ်တော် ကိုယ်စားလှယ် တို့မှာ ယခုအချိန်တွင် ဤတာဝန်ကို ထမ်းဆောင် ရပါတော့မည်၊ ၎င်းမှာ ကျွန်တော် တွေ့ရှိသော နည်းလမ်းမှာ သုံးပွင့်ဆိုင် ဖိုခနောက် ချိန်ခွင်လျှာ ညီနေရေး ဖြစ်သည်။ ဤနည်းလမ်း အတိုင်း ကျင့်ကြံလျှင် ဒေါ်အောင်ဆန်းစုကြည်မှာ အဖွဲ့ချုပ်တွင် ရှိနေပါလိမ့်မည်။ ယင်းသုံးပွင့်ဆိုင် ဖိုခနောက် နည်းလမ်းကား ဤသို့ ဖြစ်ပါသည်။ ပြည်သူတွေ ရွေးချယ်တင်မြှောက်ခြင်း ခံရသော ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များက အခြား နိုင်ငံရေး ခေါင်းဆောင် များနှင့် စင်ပြိုင် အစိုးရကို ချက်ချင်း ဖွဲ့စည်းရန် လိုအပ်ပါသည်။ ထို့ကြောင့် အနည်းဆုံး အစိုးရအဖွဲ့ဝင် ၁၀ ဦး ခန့်ဖြင့် ကြေညာ ရပါလိမ့်မည်။ ယင်းကဲ့သို့ ကြေညာ၍ အဖမ်းဆီး မခံရချေ။ အကြောင်းမှာ ၀န်ကြီးချုပ်ဟောင်း ဦးနုက ၈၈ အရေးအခင်းတွင် စင်ပြိုင် အစိုးရကို ဖွဲ့ခဲ့သည်ကို သတိထား ရမည် ဖြစ်သည်။ သူ့တုန်းက အဖမ်းအဆီး မခံခဲ့ရ။ ဖမ်းခံထိလျှင်လည်း ၁၀ ယောက်သော နိုင်ငံရေး ခေါင်းဆောင် တို့က ဖြုံမှာ မဟုတ်။

နိုင်ငံတကာကို အကူအညီ တောင်း၍လည်း ရနိုင်သည်။ ကမ္ဘာ့ ကုလသမဂ္ဂကိုလည်း တောင်းနိုင်ပါသည်။ တနည်းအားဖြင့် အမေရိကန် အစိုးရကိုလည်း စစ်ရေးအရ အကူအညီ တောင်းနိုင်သည်။ လက်ရှိ တပ်မတော်ကိုလည်း တပ်ရင်းများကိုပြန်ဖို့ အမိန့် ချက်ချင်း ထုတ်ပြန် ပေးရပါ လိမ့်မည်။ နအဖ စစ်ကောင်စီကို မတရားအသင်းအဖြစ် ကြေညာ ရပါလိမ့်မည်။ လွပ်ငြိမ်း ချမ်းသာခွင့်ကို ချက်ချင်း ထုတ်ပြန် ရပါလိမ့်မည်။ တရက်တည်း တနေ့တည်းမှာ အမိန့် အာဏာများကို ချက်ချင်း ထုတ်ပြန် ပေးရန် အရေးကြီးပါသည်။ ယင်းသို့ စင်ပြိုင် အစိုးရမှ အမိန့် အာဏာ ထုတ်ပြန်သည့် အခါ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲကို စင်ပြိုင် အစိုးရမှ မည်သည့် နေ့ရက် အချိန် ကာလတွင် ပြုလုပ်မည် ဖြစ်ကြောင်း ကြေညာရန် လိုပါသည်။ ဤအချက်များမှာ နအဖ စစ်အစိုးရလည်း ပြုတ်ကျသွား သလို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်လည်း ရပ်တည် စေမည့် နည်းလမ်း ဖြစ်သည်။

အကယ်၍ ဤအချက်ကို မစဉ်းစားဘဲ နအဖ၏ ထောင်ချောက်ကိုသာ စဉ်းစားပြီး ရွေးကောက်ပွဲ ၀င်ရန် မှတ်ပုံတင်မည် ဆိုပါက ရက်ပေါင်း ၆၀ ဆိုသော သတ်ကွင်းမှာ လည်စင်း ခံရုံသာ ရှိပါတော့သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို မပျက်စီးအောင် ထိမ်းသိမ်း ရမည့် တာဝန်မှာ အဖွဲ့ချုပ် ၀င်တို့ ဖြစ်သည်။ ရွေးကောက်ပွဲ ၀င်ရန် မှတ်ပုံတင်သည်နှင့် အဖွဲ့ချုပ်မှာ ပျက်စီးသွားပြီဟု ချက်ချင်း ပြောဆို ကြပါတော့မည်။ ဦးအောင်ရွှေသည် မြန်မာ့ နိုင်ငံရေး လောကတွင် အဓိက မဟုတ်သလို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တွင်လည်း အဓိက မဟုတ်ချေ။ သူ၏ စဉ်းစားတွေးခေါ်ပုံသည် ယခု အချိန်၌ အလွန်မှားယွင်းနေသည်။ သူ့လမ်းစဉ် အတိုင်း လိုက်နာမည်ဆိုက အဖွဲ့ချုပ်မှာ မလွယ်တော့၊

ထို့ကြောင့် NLD ရွေးကောက်ပွဲ ၀င်ရန် စဉ်းစားနေသည် ဆိုလျှင် ကျွန်တော်တို့ ဝေဖန် ရပါတော့မည်။ နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံတင်စရာ မလိုတာ့ပါ။ တစည ပါတီနှင့် ပေါင်းပြီး ရွေးကောက်ပွဲကို ပြုလုပ် ကျင်းပ လိုက်လျှင် ပို၍ပင် သင့်တော် သွားပါလိမ့်မည်။ အကြောင်းမှာ နိုင်လျှင်လည်း ရှုံး၊ ရှုံးလျှင်လည်း နိုင်မည့် ပွဲမို့ အတိုက်အခံ ပါတီ မဟုတ်သည့် အတူတူ မဟာမိတ်လုပ်ပြီး ရွေးကောက်ပွဲ ၀င်ရုံသာ ရှိပါသည်။ သို့သော် မြန်မာနိုင်ငံရေး လောကတွင်ကား မြောင်းထဲကိုပါ မက မြေမြုပ် ခံလိုက်ရပါပြီ၊ နာမည်ဆိုးနှင့် ကျော်ကြားသော စစ်အစိုးရ၏ ရွေးကောက်ပွဲကို ကမ္ဘာက ဆန့်ကျင် ပေးနေသည်မှာ လူတိုင်း မပါဝင်၍ ဖြစ်သည်၊ တနည်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ချန်ထား၍ ဖြစ်သည်။

နာမည်ကောင်း ရှိနေသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ယခု အချိန်ထိ ပန်းပန်လျှက်တုန်း ရှိနေပါသေးသည်။ ဤပန်းကို နွမ်းကြွေအောင် မပြုလုပ်မိရန် လိုပါသည်။ နာမည်ဆိုးနှင့် ကျော်ကြားသော မကောင်းဆိုးဝါး နအဖ စစ်အစိုးရသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ခြေနှင့် နင်းချေ ရုံမက လည်ပင်းကို တက်နင်းနေသည်မှာ ကြာပါပြီ။ သူနှင့်မှ အတူတူ တွဲလုပ်ရန် ကြိုစားသော သူတို့မှာ မူဝါဒ မရှိသူများ။ နိုင်ငံရေး ခံယူချက် မရှိသူများသာ ဖြစ်သည်။ ထို့ကြောင့် သေသေချာချာ စဉ်းစားကြပြီးမှ စစ်အစိုးရကို မတရား အသင်းကြေညာရန် စင်ပြိုင် အစိုးရကို ဖွဲ့စည်းမှသာ အဖွဲ့ချုပ် ရပ်တည် သွားမည်ဟု ပြောချင်သည်။ တနည်း အားဖြင့် မှတ်ပှံတင်မှ နိုင်ငံရေး ပါတီ အဖြစ် ပြည်သူတွေက လက်ခံမည်ဟု မထင်။ ပြည်သူတွေက မှတ်ပုံမတင်လျှင် နိုင်ငံရေး ပါတီ အဖြစ် ပို၍ပင် လက်ခံ ထားပါသည် ဆိုသော အချက်ကို မမေ့လျော့ ကြရန် အချိန်မှီ သတိပေး လိုက်ရပါကြောင်း ဆိုပါက မှားမည် မထင်။

ခိုင်အောင်ကျော် ( နယူးယောက် )


source by : လမင်းခင်

0 comments:

Post a Comment