Now Loading......
Information & Technology Network (ITN) is an open group.
IT knowledge sharing, Solving IT problem (proxy, virus, password recovery, etc;) Questions and Answers for Myanmar (Burma) young peoples.
Please Join with ITN
If you don't listen to radio, click to stop. Thank you !

ဗုဒ္ဓဘာသာဝင် နိုင်ငံတွေ ဘာကြောင့်ဆင်းရဲနေရတာလဲ ?

ပူစူး အင်္ဂလန် - ဘုန်ဘုန်း.. တပည့်တော်မ သိချင်တာလေး တစ်ခုလျှောက်ထားခွင့်ပြုပါ၊ ဗုဒ္ဓရဲ့ တရားတော်တွေက သန့်စင်မွန်မြတ်ပါလျှက် ဘာဖြစ်လို့ ဗုဒ္ဓဘာသာဝင်နိုင်ငံတွေ ဆင်းရဲနေရတာလဲ၊ လိုအပ်တဲ့နေရာတွေမှာ မပေးလှူဘဲ အရမ်းကြီးမလိုအပ်တဲ့ စေတီ ဘုရားကျောင်းကန်တွေမှာ လှူနေလို့ ဆင်းရဲနေတာလား၊ တပည့်တော်မ စိတ်ထဲမရှင်းလို့ ဖြေကြားပေးပါ ဘုရား။

အီးမေးလ်နဲ့ မေးထားတဲ့ မေးခွန်းပါ၊ ဒီလိုမေးခွန်းမျိုး မကြာခဏအမေးခံခဲ့ရဖူးတယ်၊ ဘာသာရေးကို အလေးအနက်ထားသူများကြားမှာလဲ ဒီမေးခွန်းက စိတ်ဝင်စားစရာ ဖြစ်နေခဲ့တယ်။ မေးခွန်းရှင်ရဲ့ မေးခွန်းကို အပိုင်း ၂ ပိုင်းခွဲပြီး ဖြေကြရအောင်၊ ပထမ အပိုင်းက ဘုရားရှင်ဟောကြားတဲ့ တရားတွေ သန့်စင်မွန်မြတ်ပါလျှက် ဘာဖြစ်လို့ ဗုဒ္ဓဘာသာဝင်တွေ ဆင်းရဲနေရတာလဲ ဆိုတာပါ။

တကမ္ဘာလုံးကို ခြုံပြီးကြည့်မယ်ဆိုရင် ဗုဒ္ဓဘာသာဝင်နိုင်ငံတွေသာ ဆင်းရဲတာ မဟုတ်ဘဲ ခရစ်ယာန်နိုင်ငံများ အစ္စလာမ်ဘာသာဝင်နိုင်ငံများ ဟိန္ဒူဘာသာဝင်နိုင်ငံများလည်း ဆင်းရဲနေကြတာကို တွေ့မြင်နိုင်တယ်၊

တကယ်ဆိုရင် တိုင်းပြည်တစ်ခုရဲ့ ဖွံ့ဖြိုးမှု နောက်ကျခြင်း ဆင်းရဲမွဲတေခြင်းဟာ ဘာသာရေးကြောင့် မဟုတ်ဘဲ အဲဒီတိုင်းပြည်ရဲ့ နိုင်ငံရေး စီးပွားရေး လှုမှုရေးတွေကြောင့် ဖြစ်တယ်ဆိုတာ နားလည်နိုင်ပါတယ်။ နိုင်ငံရေး စီးပွားရေးစနစ်ကောင်းနေတဲ့ ဂျပန် ကိုရီးယား တရုတ် ဗုဒ္ဓဘာသာဝင်နိုင်ငံတွေ တိုးတက်နေတာကိုလဲ သတိထားကြည့်နိုင်တယ်။

တကယ်တော့ ဘာသာရေးဆိုတာ အိမ်ပေါ်မှာတင်ထားတဲ့ ပစ္စည်းလိုပါပဲ၊ အိမ်တစ်လုံးဟာ အမိုးကလဲကောင်း အကာလဲကောင်း ခိုင်ခိုင်ခန့်ခန့် ရှိနေမယ်ဆိုရင် အိမ်ပေါ်မှာ တင်ထားတဲ့ ပစ္စည်းဟာ အရောင်ထွက်နေပါလိမ့်မယ်၊ အမိုးအကာမဲ့ပြီး ယိုင်နဲ့ ချည့်နဲ့နေတဲ့ အိမ်ပေါ်မှာ တင်ထားတဲ့ ပစ္စည်းဟာ မိုးဒဏ် လေဒဏ်ကြောင့် အရောင်ညှိုးမှိန် ရမှာ အမှန်ပါ။ နိုင်ငံရေး စနစ် စီးပွားရေးစနစ် လှုမှုရေးစနစ် အစစ အရာရာ နိမ့်ကျ(အရည်အသွေးမမှီ)တဲ့ နိုင်ငံမှာရှိနေတဲ့ ဘာသာရေးကလဲ အများလေးစားစရာ ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်၊

တစ်ခုတော့ ပြောစရာရှိပါတယ်၊ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုကို တန်ဖိုးထားရှာဖွေနေကြသူများကတော့ မွန်မြတ်တဲ့တရား ဘယ်နေရာမှာရှိရှိ ဘယ်နိုင်ငံမှာရှိရှိ တန်ဖိုးထားကြမှာပါ၊ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှု တစ်ခုတည်းကို ကြည့်မယ်ဆိုရင်တော့ ဗုဒ္ဓဘာသာကြောင့်ပဲ တိုးပြည်ဆင်းရဲနေရသလို မြင်ပါလိမ့်မယ်၊
လိုရင်းပြောရရင်တော့ ဗုဒ္ဓဘာသာကြောင့် ဗုဒ္ဓဘာသာဝင်တိုင်းပြည်တွေဆင်းရဲ နေရတာမဟုတ်ဘဲ အိမ်မကောင်းလို့ အိမ်ထဲက ပစ္စည်းများ အရောင်မှိန်နေခြင်းသာဖြစ်ပါတယ်လို့ ဖြေကြားပါရစေ။

ပူစူးရဲ့ မေးခွန်း အပိုင်းနှစ်က လိုအပ်တဲ့နေရာတွေမှာ မလှူဘဲ အရမ်းမလိုအပ်တဲ့ စေတီ ဘုရားကျောင်းကန်တွေမှာ လှူနေလို့ တိုင်းပြည်ဆင်းရဲနေရတာလား ဆိုတာပါ၊ ဒီနေရာမှာ အမြင်တွေ အမျိုးမျိုး ကွဲနိုင်ပါတယ်၊

အနော်ရထားမင်းကြီး ကျန်စစ်သားမင်းကြီးတို့လက်ထက်က တည်ထားခဲ့တဲ့ စေတီတွေ အများကြီးပါ၊ ဒီလို စေတီတွေ အများကြီးတည်ခဲ့လို့ တိုင်းပြည်မွဲတာလို့ တချို့က မြင်တယ်။ အေဒီ ၇ ရာစု ၈ ရာစု ၀န်းကျင်က တည်ထားခဲ့တဲ့ ဒီစေတီတွေရဲ့ အနုပညာလက်ရာတွေ။ မြစေတီလို ဘာသာ သုံးမျိုးနဲ့ရေးစိုက်ခဲ့တဲ့ ကျောက်စာတွေဟာ အဲဒီခေတ်ကို ကိုယ်စားပြုခဲ့တာတွေပါ၊

ပုဂံခေတ်ရဲ့ ပညာရေးအဆင့်အတန်း အနုပညာအဆင့်အတန်းနဲ့ မြန်မာတို့ရဲ့ တိုးတက်မှုကို ဖော်ကျူးပြခဲ့တာပါ၊ တကယ်လို့သာ အဲဒီစေတီတွေ အများကြီးမတည်ဖြစ်ခဲ့ရင် ဒီနေ့ခေတ်မှာ ပုဂံဆိုတာကို ကမ္ဘာက သိမှာမဟုတ်ဘူး၊ဒီလိုဆိုတော့ သမိုင်းတန်ဖိုးအရ ကြည့်ရင် လူသားတို့ရဲ့ ယုံကြည်မှုအရကြည့်ရင် တကယ့်ကို လုပ်သင့်တဲ့အလုပ်ကို လုပ်ခဲ့တာဖြစ်လို့ တိုင်းပြည်ဆင်းရဲခြင်း ချမ်းသာခြင်းဟာ ဘုရားစေတီတွေကို လှူခြင်း မလှူခြင်းနဲ့တော့ အများကြီး မသက်ဆိုင်ပါဘူး၊
ဘကြီးတော်မင်းတရား လက်ထက်က ပုထိုးတော်ကြီး၊ မင်းကွန်းခေါင်းလောင်းကြီး စတာတွေ မဆောက်ဖြစ်ခဲ့ရင် မလုပ်ဖြစ်ခဲ့ရင် မင်းကွန်းဆိုတဲ့ ရွာသိမ် ရွာငယ်လေးကို ကမ္ဘာက သိမှာမဟုတ်ဘူး။
လူသားဆိုတာ ကိုယ်ကျေနပ်မှုရအောင် စိတ်ချမ်းသာအောင်အမြဲ လုပ်ဆောင်လေ့ရှိတဲ့ သတ္တ၀ါမျိုးပါ၊

ဘုရား စေတီတွေ တည်ဆောက်ခြင်းဖြင့် ရလာတဲ့ စိတ်ချမ်းသာမှုမျိုးကို တန်ဖိုးထားကြတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ဘုရား စေတီတည်တာကြောင့် ချမ်းသာ ဆင်းရဲဖြစ်ရတာ မဟုတ်ဘူး၊ လူတိုင်းလဲ ဘုရား စေတီတည်နေကြတာ မဟုတ်သလို လူတိုင်းလဲ ပရဟိတ ခေါင်းပါးနေတာ မဟုတ်လို့ပါပဲ။ ဟန်ချက်ညီတဲ့ လုပ်ဆောင်မှုတွေ ဖန်တီးနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပါ။

အင်္ဂလန်က ပူစူးကျေနပ်မည်ဟု မျှော်လင့်ပါသည်၊ နားလည် တတ်ကျွမ်းသည့် အခြားအခြား ဆရာတော်များကိုလဲ မေးမြန်းသင့်ပါ၏။
http://www.dhammaflavour.net/မှကူးယူဖော်ပြပါသည်။

1 comments:

Nge Naing said...

အင်မတန်ကောင်းတဲ့ အဖြေဖြစ်တယ်။ ဒါပေမဲ့ တချို့ကလည်း အလှူ သဒ္ဒါတရားထက် ပကာသနနဲ့ ချေးငှားလှူကြလို့ အကြွေးသံသရာက မလွှတ်နိုင်တာကို တွေ့နေရတာလည်း အမှန်ပဲ။

6 February 2010 at 15:54

Post a Comment