Now Loading......
Information & Technology Network (ITN) is an open group.
IT knowledge sharing, Solving IT problem (proxy, virus, password recovery, etc;) Questions and Answers for Myanmar (Burma) young peoples.
Please Join with ITN
If you don't listen to radio, click to stop. Thank you !

ငါတို့ လက်များ၊ ငါတို့သွေးများနှင့် ခွပ်ဒေါင်းအားမာန်

ရွှေမင်းအေး
(၁)
စက်တင်ဘာအရေးအခင်း.... တဲ့
စစ်တွေ မြို့နယ်ကစ
တစ်နိုင်ငံလုံး အုံကြွခဲ့။
န.အ.ဖ ရဲ့
တစ်အိမ် တစ်ယောက် အတင်းအကျပ် လိုက်စု
လူထု ဆန္ဒဖော်ထုတ်ပွဲ အတု..... မဟုတ်ဘူး
မြန်မာ ပြည်သူတွေရဲ့
အမျိုးသားရေး စိတ်ဓါတ်ကိုယ်စီနဲ့
တာဝန် သိသိ ပြသ ခဲ့ကြတဲ့
ဒီမိုကရေစီ တောင်းဆိုပွဲကြီး ဖြစ်တယ်။

(၂)
သံဃာတွေ
သီလရှင် တွေဟာ
ငါတို့ အတွက်
မြန်မာပြည်ကြီး အတွက်
အသက်ကို စတေး
ကျင့်ဝတ်ကို ချိုးဖောက်
ရဲရဲတောက် လမ်းလျှောက်ခဲ့ကြ
ခြေဖ၀ါး ကွဲအက်တဲ့ အထိ။
ဘယ်သူတွေ ကြည့်နေရက် မလဲ
သံဃာနဲ့ ပြည်သူ အတူဆင်နွှဲ
ရာဇ၀င်ရဲ့ ပွဲတော် အသစ်
အချစ်ကို ခဏဖယ်
မိသားစုကို ဘေးချိတ်
ပညာရေးကို ခေါက်သိမ်း
အလုပ်ကို ထားရစ်
မဆုတ်မနစ်တဲ့ ဇွဲသတ္တိနဲ့
ငါတို့တွေ ချီတက်လာပါပြီ။

(၃)
ငါတို့အထဲမှာ
မုတ်ဆိတ် ဖားဖားနဲ့ ဗလီဆရာတွေ
လက်ဝါး ကပ်တိုင်နဲ့ ဖာသာကြီးတွေ
မဟာယနနဲ့ ထေရ၀ါဒ
အစ္စလာမ်နဲ့ ခရစ်ယာန်
အပြန်အလှန် ဖေးမကူတွဲ
ဗမာ့ ဒီမိုကရေစီ တိုက်ပွဲကို
မခွဲအတူ တောင်းဆို နေကြရဲ့။
အင်္ကျီ ဗလာနဲ့ သူဖုန်းစား
ဟန်းဖုန်း အသစ်နဲ့ သူဌေးသား
ရော့ခ်ကာနဲ့ ရက်ပ်ပါ
လူကြီးနဲ့ လူငယ်
ကျောင်းသားနဲ့ လက်လုပ် လက်စား
မိန်းမနဲ့ ယောက်ျား
ရင်ဘောင်တန်းလို့ တသားတည်း ဖြစ်တယ်။
တိုင်းရင်းသား လူမျိုးပေါင်းစုံရဲ့
ညီညွတ်မှု ပြယုဂ် အမှန်
အာဏာရှင်ကို တွန်းလှန်ကြဖို့
ငါတို့တွေ ချီလာပါပြီ။

(၄)
၈၈ မျိုးဆက် ကျောင်းသားနဲ့
၂၀၀၇ မျိုးဆက် ကျောင်းသားတို့
စုပေါင်းအားနဲ့ လွှင့်ထူ
ခွပ်ဒေါင်း အလံ တလူလူ
တို့ပြည်သူတွေ လွတ်လပ်ဖို့
တို့နိုင်ငံတော် လွတ်လပ်ဖို့
အသက်ကို ပဓါနမထား
ရှေ့ဆုံးက လျှောက်သွားကြပြီ။
ရန်ကုန်မြို့ရဲ့
အိမ်အသွယ်သွယ်၊ လမ်းအသွယ်သွယ်
တိုက်ခန်း၊ ဆိုင်ခန်း အသွယ်သွယ်က
မျိုးချစ် ပြည်သူ အသီးသီးရဲ့
လက်ခုပ်တီးသံ တဖြောင်းဖြောင်း
ဗြောင်းဆန်အောင် ဟစ်ကြွေးအားပေး
ငါ့တို့ သွေးတွေ စည်းခဲ့ပြီ
ငါတို့ သွေးတွေ စည်းခဲ့ပါပြီ။

(၅)
အစိမ်းရောင် ယူနီဖောင်းနဲ့ အရိုင်း ကောင်တွေ
ရွံရှာ စက်ဆုပ်ဖွယ် လုံထိန်းရဲတွေရဲ့
နံပါတ်တုတ်နဲ့ ဒိုင်းချပ်
သေနတ်နဲ့ လက်ပစ်ဗုံးတွေက
ပြည်သူရဲ့ အမုန်းကို
မျက်လုံးချင်း မဆိုင်ရဲကြဘူး။
ငြိမ်းချမ်းစွာ
ငါတို့ ဆန္ဒပြတယ်
သံဃာတို့ရဲ့ အေးမြ သာယာသော
မေတ္တာပို့သံ တညံညံ
ဘ၀ဂ်အထိ လျှံတက်
မိုးအုံ့တဲ့ နေ့ရက်တွေမှာ...
ရန်ကုန်မြို့ရဲ့ ပေတစ်ရာ လမ်းမတွေဟာ
" အရှေ့အရပ်၌ ရှိသော......." အစချီကာ
ခြေသံတွေနဲ့ သိမ့်သိမ့် တုန်ခါပေါ့။
မာန်ဟုန် ပြင်းစွာ
ငါတို့တွေ ချီလာခဲ့ကြ။

(၆)
ရိုင်ဖယ်ကြီး တကားကား
ယူနီဖောင်း တလွှားလွှားနဲ့
ဝီစကီ ပုလင်း ခါးကြားထိုး
ခွေးမျိုး ခွေးနွယ် ခွေးစစ်သားတွေ
လည်ပတ် အနီ၊ အ၀ါ၊ အပြာများပတ်
ဘုရားပေါ်မှာ မားမားရပ်လို့
သတ်ဖို့ ဖြတ်ဖို့ စောင့်နေကြရဲ့။
ငါတို့ ဆက်လျှောက်တယ်
ငါတို့ ဆက်ကြွေးကြော်တယ်
ဒီမိုကရေစီ အရေးအတွက်
အသက်ကို အလေးမထား
ငါတို့၏ လက်ခုပ်သံများ
ကမ္ဘာအနှံက ကြားစေသား။

(၇)
"လက်ညိုး ညွှန်ရာ
သွေးချောင်း စီးစေသတည်း"
ဘုရင်ရူးကြီး 'သန်းရွှေ'
တချက်လွှတ် စေခိုင်းချက်မှာ
ငါတို့တွေ လဲပြိုခဲ့ကြ။
လမ်းမပေါ်......
ရဟန်းတော်တို့
စစ်သားများအား ရှိခိုးကြပြီ...
ဆူးလေ ကောင်းကင်မှာ လျှပ်ပန်းတွေလက်
မေတ္တာပို့သံ တစ်ဝက် မဆုံးမီ
သံဃာတို့ခေါင်း ဟက်တက်ကွဲရ
ရဟန်းတို့သွေး မြေသို့ခ ။
သေနတ်သံ တဒိန်းဒိန်း
မိုးကြိုးပစ်သံ တဂျိန်းဂျိန်းနဲ့ အတူ
မငြိမ်းနိုင်တဲ့ လက်ခုပ်သံတွေ
ဝေါခနဲ ပျံတက်ကြ

"လူအချင်းချင်း သတ်ဖြတ်ခြင်း ကင်းရှင်း ကြပါစေ...
တို့မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်း ကြပါစေ...
သံဃာသတ်တဲ့ မိစ္ဆာတွေ မိုးကြိုးပစ်လို့ သေပါစေ..."
.......... စသဖြင့်

"ကမ္ဘာမကြေ".....သီချင်းကို ပြိုင်တူသီဆို
ဒဏ်ရာကို လက်နဲ့ အုပ်ကွယ်
သွေးအိုင် အလယ် အားတင်းရပ်
နိုင်ငံ အတွက် အသက်ပေးမယ်
ဆယ်ပြန်မက သေရဲတယ်
မျိုးဆက်သစ် ငါတို့ လူငယ်။

(၈)
မြင့်မြတ်စွာ
ကျဆုံးသွားကြပါတဲ့
ငါတို့ရဲ့သူရဲကောင်းတွေဟာ
မြန်မာ ပြည်သူ အားလုံးရဲ့ ရင်ထဲ
အမြဲ ရှိနေမှာပါ။
သူတို့ဟာ
သေနတ် ပြောင်းဝရှေ့မှာ
ရင်ကော့ကာ အံကိုကြိတ်
အမျိုးသားရေး စိတ်ဓါတ် ပြည့်ဝစွာ
အသေခံ တိုက်ပွဲဝင်ခဲ့ ကြရှာပေါ့။
သင်တို့အား
ကျန်ရစ်သူ ငါတို့သည်
ရင်ထဲမှ အမျှ ဝေပါ၏။
လူသေသော်လည်း
သမိုင်းမသေသောသင်တို့အား
မဆုံးနိုင်သော လက်များဖြင့်
အလေးအမြတ် ပြုပါ၏။

(၉)
သွေးတွေ
သွေးတွေ......
ဘယ်တော့မှ မခြောက်ဘူး
ငါတို့ မျက်ရည်တွေလည်း
ဘယ်တော့မှ မခမ်းဘူး
ငါတို့ လက်ခုပ် သံတွေဟာလည်း
မမောနိုင် မပမ်းနိုင် ဆက်တီးနေဦးမှာပါပဲ။
ရှုံးနိမ့်ခြင်းကို
အလိုမတူဘဲ ရရှိခဲ့တဲ့
ငါတို့ဟာ....
မုသာဝါဒ နအဖမိစ္ဆာတွေ အပေါ်
နာကျည်း အံကြိတ်ကြ... ရွံရှာ မုန်းတီးကြ
လက်သီးကို ကျစ်ကျစ် ပါအောင်ဆုပ်
စစ်အစိုးရ ပြုတ်ကျဖို့ အရေးပဲ
ငါတို့ အတွေးထဲ
တ၀ဲလည်လည် ရှိတော့တယ်။
မြန်မာ ပြည်သူတွေရဲ့ ရင်ထဲမှာ
သင်းတို့ အတွက် နေရာ မရှိတာ
ကမ္ဘာ သိအောင် ငါတို့ ပြသခဲ့ကြပြီ
ငါတို့ရဲ့ တွဲလက်တွေ
မြဲသထက် ပိုမြဲခဲ့ကြပြီ
...................................
.....................................
.........................................။

(၁၀)
ကမ္ဘာကြေသော်လည်း
ဥဒါန်းကား မကြေခဲ့ချေပြီ....။ ။

ရွှေမင်းအေး

မှတ်ချက် ။ ။ ဒီကဗျာလေးကို ထပ်ဖြန့် ပေးကြပါ ခင်ဗျာ.........။ 2007 ကတည်းက ရေးထားပေမယ့်.... ခုမှ စာရိုက်ပြီး ဖြန့်ဖြစ်တာပါ..... စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးကို အားလုံး ပြန်လည် အမှတ်ရမိကြမယ်လို့ မျှော်လင့်ပါတယ်......။

--
မြန်မာ့ ဒီမိုကရေစီ ကျောင်းသားများ
Democracy Students of Myanmar
2010.

0 comments:

Post a Comment