Now Loading......
Information & Technology Network (ITN) is an open group.
IT knowledge sharing, Solving IT problem (proxy, virus, password recovery, etc;) Questions and Answers for Myanmar (Burma) young peoples.
Please Join with ITN
If you don't listen to radio, click to stop. Thank you !

သခင်သိန်းဖေ၏ မိန့်ခွန်း

(၆၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ၀ါရင့်နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များမှ ကြီးမှူးကျင်းပသည့် အခမ်းအနားတွင် ပြောကြားသည့် သဘာပတိ သခင်သိန်းဖေ၏ မိန့်ခွန်း

ကြွရောက်လာကြတဲ့

o အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်ကြီးငယ်များ
o တိုင်းရင်းသားလူမျိုးစုအဖွဲ့အသီးသီးမှ ခေါင်းဆောင်ကြီးငယ်များ
o ပါတီအဖွဲ့အသီးသီးမှ ခေါင်းဆောင်ကြီးငယ်များ
o လွတ်လပ်ရေးတိုက်ပွဲဝင် အသက်မသေကျန်ရစ်ခဲ့သော ရဲဘော်ကြီးများ
o တိုင်းရင်းသားသွေးစည်ညီညွတ်ရေး ဒီမိုကရေစီအခွင့်အရေးများရရှိရေးအတွက် တိုက်ပွဲဝင်နေကြ သော အမျိုးသား/ အမျိုးသမီး၊ ကျောင်းသားလူငယ်မောင်မယ်များ ခင်ဗျား။

ကနေ့ သက္ကရာဇ် ၂၀၁၀ခုနှစ်၊ ဇန်န၀ါရီလ ၄ရက်နေ့မှာ ကျရောက်တဲ့ (၆၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို အခုလို တက်တက်ကြွကြွတက်ရောက်လာကြတဲ့ အတွက် ကျနော် တို့ဝါရင့်နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်များ ကိုယ်စား လှိုက်လှိုက်လှဲလှဲဝမ်းမြောက်ဝမ်းသာ ကြိုဆိုနှုတ်ခွန်း ဆက်ပါတယ်။ တိုက်ပွဲဝင်ရဲဘော်ရဲဘော်မများဖြစ်ကြတဲ့အတွက် တွေ့ကြုံဆဲ တွေ့ကြုံရအံ့သော ဘေးအန္တရာယ် အသွယ်သွယ်မှလဲ ကင်းဝေးလွတ်မြောက်ကြပါစေလို့ မေတ္တာပို့သပါတယ်။


ကျနော်တို့ ကိုယ်တိုင်ကလဲ အသက်အရွယ်ကြီးရင့်နေကြသည့်တိုင် မူလရည်မှန်းချက်ပန်းတိုင် ရောက်သည့်အထိ ခင်ဗျားတို့နှင့်အတူ မခွဲတမ်းလက်တွဲဆောင်ရွက်ကြမယ်ဆိုတဲ့ ကျနော်တို့အားလုံးရဲ့ အဓိဌာန်ကိုပြောကြားလိုပါတယ်။

ရဲဘော်များခင်ဗျား-

ကျနော်တို့ရဲ့ မိဘဘိုးဘွားများနှင့်အတူ ပြည်သူတစ်ရပ်လုံးဟာ ခရစ်သက္ကရာဇ် ၁၈၈၅၊ နိုဝင်ဘာလ ၂၇ရက်နေ့ကစပြီး လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ လွတ်လပ်ရေးကို ပြန်လည်လက်ဝယ်ရရှိရေးအတွက် ကြိုးပမ်းရာမှာ နှစ်ပေါင်း ၁၂၇နှစ်ခန့် သူ့ကျွန်မခံချင်တဲ့ မျိုးချစ်ရဲဘော်တိုင်းရင်းသားပြည်သူတွေရဲ့ သွေးတွေနဲ့ရင်းပြီး တိုက်ပွဲဝင်ခဲ့ရတာဖြစ်ပါတယ်။

အဲဒီလို တိုက်ပွဲဝင်ခဲ့ရာမှာ ကျနော်တို့ ရည်မှန်းချက်တိုက်ပွဲကြွေးကြော်သံကဘာလဲ… အားလုံးသိတဲ့အတိုင်းပဲ။ `လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးဖြစ်တယ်´ ဒီကြွေးကြော်သံဟာ တစ်ခုနဲ့တစ်ခု မှီငြမ်းပြုနေတယ်။ အကျိုးတရားက ဆက်စပ်နေတယ်။ လွတ်လပ်တယ်ဆိုတာလဲ ပြောရတာ လွယ်ပေမယ့် လွတ်လပ်ရင် ဒီမိုကရေစီရှိရမယ် ငြိမ်ချမ်းရေးရရှိမယ်။ လူတွေရဲ့ မူလအခွင့်အရေးပြည့်ပြည့်၀၀ရနေရမယ်။ လူတွေအားလုံးဟာ မွေးရာပါလွတ်လပ်ခွင့်တွေခံစား ခွင့်ရှိရမယ်။

၁၉၄၃၊ သြဂုတ်လ(၁)ရက်နေ့မှာ ကျနော်တို့ လွတ်လပ်ရေးရပြီဟေ့လို့ ကြေညာခံခဲ့ရပါတယ်။ အဲဒီအချိန်မှာဘဲ ကျနော်တို့ရဲဘော်တွေဟာ ဖက်ဆစ်အကျဉ်ထောင် တွေအတွင်းမှာ ရေနွေးလောင်းပြီး လက်သည်း၊ ခြေသည်းတွေ ပလာယာနဲ့ ဆွဲနှုတ်ညှင်းပမ်းတာ၊ ထုပ်မှာဇော်ထိုးဆွဲပြီး ညှင်းပမ်းတာ၊ တွင်းနှုတ်ခမ်းဝထိုင်ပြီး ခေါင်းဖြတ်အသတ်ခံရတာတွေ ခံနေရပါတယ်။ ကျနော်တို့ မြောင်းမြမှာဆိုရင် လုပ်ဖော်ကိုင်ဖက်ရဲဘော် ၃၀ကျော်ဟာ မြို့လယ်ခေါင်မှာ လူအများရှေ့မှာ ဓါးနဲ့ခုတ်အသတ်ခံခဲ့ရပါတယ်။ ခင်ဗျားတို့အားလုံးသိပါတယ်။

ဒါဟာ လွတ်လပ်ရေးလား…

ရဲဘော်များခင်ဗျား…

ကျနော်တို့ တိုင်းပြည်တကယ်လွတ်လပ်ရေး ကြေညာနိုင်ခဲ့တာ ၁၉၄၈ခုနှစ်ကပါ။ အခုဆို ၆၂နှစ်ရှိခဲ့ပါပြီ။ ငြိမ်းချမ်းရေးမရခဲ့ကြသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ လွတ်လပ်ရေး ကြေညာပြီး ၃လအတွင်းမှာပဲ တစ်ကြိမ်တစ်ခါတုန်းက လွတ်လပ်ရေး၊ ဒီမိုကရေစီရေးအတွက် လက်တွဲ တိုက်ခဲ့ကြတဲ့ ရဲဘော်၊ ရဲဘက်တွေ အချင်းချင်း အယူအဆကွဲရာက ငါမှငါဆိုတဲ့ အတ္တလွန်ကဲရာက နိုင်ငံရေးစကားနဲ့ပြောရရင် ဂိုဏ်းဂဏ၀ါဒတွေ မိုးမွှန်ပြီး အချင်းချင်းတိုက်ကြ၊ ခိုက်ကြနဲ့ ပြည်တွင်း စစ်ဖြစ်ခဲ့ရပါတယ်။

ပြည်တွင်းစစ်ကြောင့် ကျနော်တို့ တိုင်းပြည်ဖွတ်ဖွတ်ကြေခဲ့ပြီး ပြည်တွင်းစစ် (၁၀)နှစ်မြောက် အချိန်မှာ လွှတ်တော်အတွင်း စစ်တမ်းအရ နှစ်ဖက်အင်အားစုတွေ သုံးသောင်းကျော် သေဆုံးခဲ့ရပြီး အပျက်အစီးအားလုံး သန်းပေါင်းများစွာရှိခဲ့ပါတယ်။ သေဆုံးကြရတဲ့ အင်အားဟာ ကုန်လုပ်အင်အားစွမ်းအင်တွေ မဟုတ်လား။ ပျက်စီးဆုံးရှုံးခဲ့ရတဲ့ တန်းဖိုးကို တွက်ကြည့်ရင် အထက်တန်းကျောင်းကြီးတွေ၊ ဆေးရုံကြီးတွေ ဘယ်လောက်ဆောက်နိုင်မလဲဆိုတာ သိနိုင်ပါတယ်။ ဒါတွေဟာ ဘာကြောင့်ဆုံးရှုံးခဲ့ရသလဲ။ တိုင်းပြည်အနေနဲ့ကော တိုးတက်ရမဲ့အစား မတိုးတက်တဲ့အပြင်၊ မိမိနောက်က နောက်ကျနေခဲ့တဲ့ အိမ်နီးခြင်းနိုင်ငံတွေ၊ ရှေ့ရောက်သွားတာကို မော့ကြည့်ငေးကြည့် နေခဲ့ရတယ် မဟုတ်လား။

ဒါဟာ ဘာကြောင့် ဒီလိုဖြစ်ရသလဲ

တကယ့်အဖြေမှန်ကတော့ အင်္ဂလိပ်လက်အောက် ကျွန်ဘ၀က လွတ်မြောက်ရေး အတွက်တိုက်ပွဲဝင်ခဲ့စဉ်ကကော ဖက်ဆစ်စစ်ဘီလူးတွေကို တိုက်ခဲ့တုန်းကကော အမျိုးသား ခေါင်းဆောင်ကြီး တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် အသက်သွေးနဲ့လဲပြီး တည်ဆောက်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးကြီး ပြိုကွဲခဲ့လို့ပဲဆိုတာ ဘယ်သူမှငြင်းနိုင်မှာ မဟုတ်ပါဘူး။ ကျနော်တို့ဟာ လွတ်လပ်ရေးရခဲ့ပေမယ့် အမျိုးသားညီညွတ်ရေးပြိုကွဲခဲ့တဲ့အတွက် လွန်ခဲ့သော ၆၂နှစ်ကတည်းက ရခဲ့တဲ့လွတ်လပ်ရေးရဲ့ တကယ့်အနှစ်သာရဖြစ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ယနေ့ထက်တိုင် မခံစားကြရသေးပါဘူး။

အဲဒီတုန်းကတည်းက ပြိုကွဲခဲ့ရတဲ့ အမျိုးသားသွေးစည်း ညီညွတ်ရေးဟာ အခုထက်ထိရင်ကြားမစေ့နိုင်သေးပဲ ပြန်လည်နလံမထူနိုင်သေးတာဟာ တိုင်းပြည်ရဲ့ ကံကြမ္မာလို့ ဆိုရမလား ဒါမှမဟုတ်ခေါင်းဆောင်တွေရဲ့ အချင်းချင်းမယုံသင်္ကာမှုတွေ၊ သံသယတွေ၊ အာဃာတတွေ အတ္တစိတ်လွန်ကဲမှုတွေကြောင့် ဖြစ်တယ်ဆိုရင် ဘယ်သူတွေငြင်းနိုင်မှာလဲ။

ရဲဘော်များခင်ဗျား…

ကနေ့ကျနော်တို့ တိုင်းပြည်ရဲ့ အခြေအနေကို ဓမ္မဓိဌာန်ကျကျ သုံးသပ်ကြည့် ချင်ပါတယ်။ အမျိုးသားညီညွတ်ရေးကို ပြန်လည်မတည်ဆောက်နိုင်သေးတော့ စီးပွားရေး၊ လူမှုရေး အခြေအနေတွေဟာ အဖက်ဖက်က ချွတ်ခြုံကျနေတာတွေ့ရပါတယ်။ မွေးရာပါ လူ့အခွင့်အရေးတွေ လွတ်လပ်စွာပြောဆိုခွင့်ရေးသားခွင့် အသင်းအပင်းအဖွဲ့အစည်း ထူထောင်ခွင့်တွေဆုံးရှုံးနေပါတယ်။ ပညာခေတ်ကြီးအဖြစ် နိုင်ငံတကာမှာ အတတ်ပညာ၊ အသိပညာတွေ ရှေ့ကို တဟုန်ထိုးတိုးတက် နေချိန်မှာ ကျနော်တို့သားသမီးတွေ အားလုံးဟာ နောက်မှာကျန်နေခဲ့ရပါတယ်။

အဆိုးဆုံးကတော့ ကနေ့ခြိမ်းခြောက်ခံနေရတဲ့ တတိယကမ္ဘာစစ်အန္တရာယ်ပဲ ဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေအပါအ၀င် နိုင်ငံကြီးတွေဟာ လက်နက်အပြိုင်အဆိုင်တပ်ဆင်ပြီး စစ်အေးခေတ်ပြိုင်ဆိုင်မှုကို ပြည်လည်ထူထောင်နေကြပါတယ်။ စစ်အင်အားတွေတိုးချဲ့နေကြပါတယ်။ တိုင်းပြည်ဝင်ငွေရဲ့ ရာခိုင်နှုန်းထက်ဝက်ကျော်ကို စစ်ရေးအတွက် စစ်တပ်တိုးချဲ့ဖို့ လက်နက်အဆန်း တွေထုတ်လုပ်ဖို့ သုံးစွဲနေကြပါတယ်။ အဲဒီပြည်သူလူထုတွေဟာလည်း စစ်ဝန်တွေပိပြီး စစ်ကျွန်တွေ ဖြစ်မှန်းမသိဖြစ်နေကြရပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်ပြည် ဟီရိုရှီးမားနဲ့ နာဂါစကီမှာ ချခဲ့တဲ့ အနုမြူဗုံးတစ်လုံးဟာ တစ်မြို့လုံးပြပုံအတိဖြစ်လူတွေဟာ သိန်းနဲ့ချီပြီးသေခဲ့ရပြီး မသေကျန်ခဲ့တဲ့ လူအနည်းငယ်ဟာ နှစ်ပေါင်း ၂၀ခန့်နှစ်ချီပြီး အနုမြူအဆိပ် သင့်မှုကို နလံမထူနိုင်၊ လူလုံးမလှအောင် ခံစားခဲ့ရပါတယ်။

အခုအင်အားကြီးနိုင်ငံတစ်ချို့မှာရှိနေတဲ့ ဟိုက်ဒရိုဂျင်ဗုံးတစ်လုံးဟာ ဒုတိယကမ္ဘာစစ် အတွင်းက ကြဲချခဲ့တဲ့ အနုမြူဗုံးထက် အဆ၁၅၀ပိုပြင်းပြီး သာမိုညူကလီးယားဗုံးဟာ အဆ၅၀၀၀ခန့် ပိုပြင်းတယ်လို့ ဂျာနယ်တစ်ချို့မှာ ရေးထားတာတွေ့ရပါတယ်။ ဒီအတိုင်း ဒီလက်နက်တွေနဲ့ တတိယ ကမ္ဘာစစ်ဖြစ်လာရင် ကမ္ဘာတစ်ဝှမ်းလုံး အလုံးစုံပျက်စီးရမဲ့ ဘ၀ရောက်ရမှာ မလွဲဘူးလို့ ကျနော်ထင် ပါတယ်။

ကျနော်တို့ တိုင်းပြည်ဟာ ဘယ်သူ့အတွက်မှ ပါဝင်စစ်ဖက်ပြိုင်မှာ မဟုတ်တဲ့အပြင် ရန်စကျူးကျော်မှု၊ စွက်ဖက်မှုလဲ လုပ်မဲ့နိုင်ငံမဟုတ်ပေမယ့် ကမ္ဘာာစစ်မြေပြင်မှာ မြေဇာပင်ဖြစ်ရမဲ့ ဘ၀ရောက်မှာ မလွဲဘူးလို့ ကျနော်ထင်ပါတယ်။

ရဲဘော်များခင်ဗျား…

ကျနော်ပြောခဲ့တာကို ခြုံငုံသုံးသပ်ကြည့်ရင် ကျနော်တို့ နိုင်ငံကြီးတွေဟာ အချို့ရန်လို တဲ့ အစွန်းရောက်နိုင်ငံတွေရဲ့ လက်နက်ပြိုင်ဆိုင်မှုတွေကြောင့်

o တတိယကမ္ဘာစစ်ရဲ့ စစ်နှုတ်ခမ်းဝမှာထိုင်နေရသလိုဖြစ်နေပါတယ်။ လူသားအန္တရာယ်ရဲ့ အင်မတန် ကြီးမားတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။
o ပြည်တွင်းမှာလဲ လူမှုရေးအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။
o အမျိုးသားညီညွတ်ရေးပြိုကွဲနေတဲ့ ရင်ကြားမစေ့နိုင်သေးတဲ့ နိုင်ငံရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေ ရပါတယ်။



ရဲဘော်များခင်ဗျား…

ကျနော်တို့အားလုံး ၆၂နှစ်ကြာ ရင်ဆိုင်နေခဲ့ကြရတဲ့ အထက်ပါအထွေထွေအကျပ်အတည်း ကြီးတစ်နည်းပြောရရင် အမျိုးသားရေးအကျပ်အတည်း (National Crisis)ကို ဖြေရှင်းဖို့ဆိုရင် တစ်မျိုးသားလုံး ၀ိုင်းဝန်းပူးပေါင်းဖြေရှင်းမှသာ ပြေလည်မှာပါ။ မည်သူတစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်စည်းတည်းကမှ တာဝန်ယူဖြေရှင်းလို့ မရနိုင်ပါဘူး။ ဒါကြောင့်မို့ တစ်ခုတည်းသော နည်းလမ်းဖြစ်တဲ့ `အမျိုးသားသွေးစည်းညီညွတ်ရေး အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို´ မဖြစ်မနေ တည်ဆောက်ဖို့ပဲဖြစ်တယ်လို့ ကျနော်ပြောချင်ပါတယ်။ အမျိုးသားညီညွတ်ရေးကို တည်ဆောက်ဖို့ အတွက် တာဝန်ရှိသူအားလုံးဟာ တစ်ဦးကိုတစ်ဦးအကဲခတ်နေဖို့ မြေစမ်းခရမ်းပျိုးနေဖို့ အချိန်မဟုတ် တော့ဘူး။ အန္တရာယ်အသွယ်သွယ်ဟာ ကျနော်တို့ အားလုံးကို ခြိမ်းခြောက်နေပြီဆိုတာ သိဖို့လိုပါတယ်။ အချိန်မနှောင်းသေးပါဘူး။ အခုစရင် အခုဖြစ်နိုင်တဲ့ အခြေအနေပါ။

ကျနော်လဲ အခါအခွင့်သင့်တိုင်း ညီညွတ်ရေးစကားကို အကြိမ်ကြိမ်ပြောခဲ့ပါတယ်။ ကျနော်တို့က ပါတီတစ်ခုမဟုတ်ပါဘူး။ အဖွဲ့အစည်းလည်း မဟုတ်ပါဘူး။ ကျနော်တို့အနေနဲ့ အကြံပေးဖို့ပဲ တတ်နိုင်ပါတယ်။ ကျနော်တို့ စွမ်းအားရှိသလောက် ကူညီပါ့မယ်။ ဒါကြောင့် ပတ်သက်သူအားလုံးကို မေတ္တာရပ်ခံချင်ပါတယ်။

o အလုပ်တူ စလုပ်ကြပါ။
o အလုပ်တူလုပ်ရင်း အချင်းချင်းနားလည်မှု ရလာပါလိမ့်မယ်။
o နားလည်မှုရရင် သံသယတွေ မသင်္ကာမှုတွေပျောက်ပြီး၊ ညီညွတ်ရေးစိတ်ဓာတ်ဖွံ့ဖြိုးလာ ပါလိမ့်မယ်။
o ဘုံလုပ်ငန်းစဉ်တစ်ရပ်ပေါ်ပေါက်လာပါလိမ့်မယ်။
o ညီညွတ်ရေးရလာပါလိမ့်မယ်။
o အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ ညီညွတ်ရေးရလာပါလိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်။




ရဲဘော်များ/မိတ်ဆွေများခင်ဗျား…

ကျနော်တို့ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဟာ လူအများကိုးကွယ်တဲ့ ဘာသာဖြစ်တာမို့ ဗုဒ္ဓမြတ်စွာရဲ့ မေတ္တာတရားဟာ ရန်အသွယ်သွယ်ကို အောင်မြင်နိုင်ခဲ့သလို အခြားဘာသာများဟာလဲ မေတ္တာတရားကို ရှေ့တင်ထားတဲ့ ဘာသာတွေဖြစ်ကြတဲ့အတိုင်း မေတ္တာတရားရှေ့တန်းတင်ကြပြီး သဘောထားကွဲလွဲမှုတွေ ရှိသင့်သလောက်ရှိသည့်တိုင် လိုတိုးပိုလျှော့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း မိန့်ကြားခဲ့သည့်အတိုင်း သူမနာ၊ ကိုယ်မနာနည်းနဲ့ ညီညွတ်ရေးကို စတင်တည်ဆောက်ပြီး အမျိုးသားရေး အန္တရာယ်ကို တားဆီးကာကွယ်ကြပါလို့

o နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင် ပုဂ္ဂိုလ်များ
o အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်များ
o တိုင်းရင်းသား လူမျိုးစုအားလုံး၏ ခေါင်းဆောင်များ
o ပတ်သတ်သူ (အင်အား/ကြီးငယ်မဟူ) အားလုံးကို

ပြောကြားရင်း နိဂုံးချုပ်ပါတယ်။

ညီညွတ်ရေး အောင်ရမည်။


သခင်သိန်းဖေ

(၀ါရင့်နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ)

0 comments:

Post a Comment