Now Loading......
Information & Technology Network (ITN) is an open group.
IT knowledge sharing, Solving IT problem (proxy, virus, password recovery, etc;) Questions and Answers for Myanmar (Burma) young peoples.
Please Join with ITN
If you don't listen to radio, click to stop. Thank you !

အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲခေါ်သံ နှင့် ပတ် သက်ပြီး ဆက်သွယ် မေးမြန်ချက်

ဟံသာဝတီ | ပြည်တွင်း / ပြည်ပ နိုင်ငံရေး အင်းအား စုများ (၁၂၀) ကျော်ဖြင့် စုစည်း ဖွဲ့စည်း ထားသော Global Action for Burma (GAB) အဖွဲ့ကြီး ၏ ပြောရေး ဆိုခွင့် ရှိသူ ကိုရွှေစင်ထွန်း၊ ဒုဥက္ကဌ၊ မြန်မာပြည် လွတ်မြောက်ရေး အဖွဲ့ချုပ် အား Global Action for Burma (GAB) အဖွဲ့ကြီး ၏ အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲ ခေါ်သံ နှင့် ပတ်သက်ပြီး ဟံသာဝတီ မှ ဆက်သွယ် မေးမြန်း ထားပါတယ် -

မေး -------ဒီမိုကရေစီအောင်ပွဲ ရရှိဖို့် ဘယ်လိုရှေ့ဆက်ပြီးလုပ်ဆောင်ကြမလဲ။

ဖြေ -------ဟုတ်ကဲ့ ယခု မေးခွန်းတွေကို ကျနော်တို့အနေနဲ့ ကျေကျေလည်လည် ဖြေကြားပေးဖို့ ဝတ်တရား အပြည့်ရှိတယ်လို့ ခံယူထားတယ်။ (ထိုမေးခွန်းတွေကို တိုင်းရင်းသားပြည်သူအားလုံး သိရှိစေဖို့ လဲ ရည်ရွယ်ပါတယ်။) ပထမဦးဆုံးအနေနဲ့ ကျနော်တို့ အလွန်အင်မတန်မှ သတိထားပြီး ထိမ်းထိမ်းသိမ်းသိမ်း လုပ်နေကြရတဲ့ အချက်သုံးခုကို တင်ပြအပ်ပါတယ်။

(၁) တနိုင်ငံလုံး တကမ္ဘာလုံး အတိုင်းအတာနဲ့ အသိအမှတ်ပြုထားတဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရဲ့ နိုင်ငံရေးဦးဆောင်နေမှု အကြောင်းအရာတွေနဲ့ အများကြီးဝေးကွာပြီး လုပ်လို့မရဘူး၊ ကျော်လွှားပြီး လုပ်လို့မရပါဘူး၊ ဒီကိစ္စဟာ ကျနော်တို့ အဖွဲ့အစည်းအသီးသီးရဲ့ ကျင့်ဝတ်တခုလိုလိုက်နာရတဲ့ အကြောင်းအရာတခု ဖြစ်တယ်။

(၂) ကျနော်တို့အပါအဝင် ပြည်ပမှာရှိကြတဲ့ အဖွဲ့အစည်းအားလုံးအနေနဲ့ ပြည်သူလူထုတရပ်လုံးကို စိတ်ထင်တိုင်း နအဖ စစ်အာဏာရှင်တွေကို ထကြ ချကြ ဆိုပြီး ပရမ်းပတာ လုပ်လိုမရပါဘူး။ ဒီကိစ္စဟာလဲ ကျင့်ဝတ်တခုအနေနဲ့ လျှောင်ရှားပြီး လုပ်နေကြတယ်။

(၃) နောက်ဆုံးတခုက နိုင်ငံရေးလမ်းကြောင်း ရွေးချယ်မူ ဖြစ်တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ချမှတ်ထားတဲ့ စေ့စပ်ဖြန်ဖြေ ဆွေးနွေးခြင်း အကြောင်းအရာကို လုံးလုံးလျှားလျှား ဆန့်ကျင်ပြီး သွားလို့မရဘူး။ အမြဲတမ်းဝိုင်းရံပြီး လုပ်ဆောင်ပေးနိုင်ဖို့ မူအရ ကိုင်စွဲပြီး လုပ်နေကြတယ်။ ဒီအကြောင်းအရာတွေဟာ ကျနော်တို့ ဂျီအေဘီအင်အားစုကြီးတခုလုံးဖြစ်တဲ့ ပြည်တွင်းပြည်ပမှာ ရှိနေကြတဲ့ အဖွဲ့အားလုံး အနေနဲ့ပါ သတိကြီးကြီးထားပြီး ထိမ်းထိမ်းသိမ်းသိမ်း လုပ်ဆောင်နေကြရတဲ့ အကြောင်းအရာတွေဖြစ်ပါတယ်။

အခု တင်ပြခဲ့တဲ့ အကြောင်း အရာများနှင့် အနီးစပ်ဆုံး လိုက်လျှောညီထွေ ဖြစ်ပြီးတော့ ကျနော်တို့ လုပ်ဆောင်ဖို့ ရွေးချယ် ထားတဲ့ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကို အခြေခံပြီး တင်ပြပါမယ်။

အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုဟာ နအဖစစ်ခေါင်းဆောင်တွေက ကျောင်းသား ခေါင်းဆောင်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ သံဃခေါင်းဆောင်တွေကို ထောင်နှစ်ရှည်ကြီးတွေချတာ၊ ဒေါ်အောင်ဆန်းစုကြည်ကို မတရား အမှုဆင်ပြီး ခုံရုံးတင် ထောင်ချဖို့ လုပ်ဆောင် တာတွေကို တန်ပြန်တ အနေနဲ့ အစပိုင်းမှာ လုပ်ခဲ့တာဖြစ်တယ်။

အဲဒီမှာ စစ်အုပ်ချုပ်ရေး ယန္ဒရား ဖျက်သိမ်းရေး နဲ့ ပြည်သူလူထုကို အမှန်တကယ် ကိုယ်စားပြုနိုင်တဲ့ ကြားဖြတ်အစိုးရ ပေါ်ထွက်လာရေးတို့ အထိ ပါဝင်တဲ့ လုပ်ငန်းစဉ် (၇)ရပ်ကို ဆိုလိုတယ်။ အဲဒီလုပ်ငန်းစဉ် (၇)ရပ်ဟာ တိုင်းရင်းသားပြည်သူတွေ တတ်သိပညာရှင်တွေ အလုပ်သမား တောင်သူလယ်သမား ကျောင်းသားအာလုံး နဲ့ သံဃာတော်တွေပါမကျန် အတူတကွ ပူးပေါင်းဦးဆောင်သွားနိုင်တဲ့ တော်လှန်ရေး လမ်းကြောင်း ဖြစ်တယ်။

လုပ်ငန်းစဉ် (၇)ရပ်ထဲမှာ တတိုင်းပြည်လုံးအတိုင်းအတာနဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ သမဂ္ဂတွေ အစည်းအရုံးတွေ ပေါ်လာဖို့၊ ပေါ်ပေါက်လာတဲ့ အဖွဲ့အစည်းအားလုံးဟာ နအဖဆန့်ကျင်ရေး အလုပ်တွေကို တူညီတဲ့ လမ်းကြောင်းပေါ်မှာ စုစုစည်းစည်းနဲ့ ပြိုင်တူအလုပ်လုပ်နိုင်ဖို့၊ တိုင်းရင်းသားပြည်သူအားလုံးအနေနဲ့ နအဖ စစ်အာဏာရှင် စနစ်ကို မိမိတို့ဘာသာ အတူတကွ တွန်းလှန်ဖယ်ရှားနိုင်တယ်ဆိုတာကို အခိုင်အမာ ယုံကြည်လာဖို့ အပြင် လှုပ်ရှားမှုကြီးထဲမှာ စစ်တပ်ထဲက တိုင်းပြည်ကို အကောင်းဖက်ကို ရောက်လာစေဖို့ ဆန္ဒရှိတဲ့ လူပုဂ္ဂိုလ်တွေ၊ အရာရှိအရာခံအကြပ်တပ်သားတွေ၊ ပြည်ခိုင်ဖြိုးအဖွဲ့ဝင်တွေပါမကျန် ပူးပေါင်းပါဝင်လာနိုင်အောင် ဖိတ်ခေါ် တခါးဖွင့်ထားပြီး နောက်ဆုံးမှာ အဆုံးအဖြတ်ပေးမဲ့ တိုက်ပွဲကို ဆင်နွှဲနိုင်ဖို့ ဖြစ်ပါတယ်။

ဗိုလ်ချုပ်သန်းဆွေ တယောက်ထဲက ကြိုးကိုင်ပြီးသွားနေတဲ့ နအဖစစ်အုပ်ချုပ်ရေးစနစ်ဟာ အသေအချာ ပြိုလဲသွားမယ် ဖြစ်တယ်။ အဆုံးအဖြတ်ပေးတဲ့ လှုပ်ရှားမှုကြီးအတွင်းမှာ ပြည်သူလူထုကို အမှန်တကယ်ကိုယ်စားပြုနိုင်တဲ့ အစိုးရတခုဟာ အသေအချာ ပေါ်ထွက်လာရမယ်။ အဲဒီပေါ်ထွက်လာမဲ့ အစိုးရကို တိုင်းရင်းသားပြည်သူအားလုံးက အခြေအနေတွေ တည်ငြိမ်တဲ့ နေ့အထိ ဝိုင်းဝန်းထိမ်းသိမ်း သွားနိုင်မယ်လို့ ယုံကြည်ထားတယ်။

မေး -------အမျိုသားလွတ်မြောက်ရေးလှုပ်ရှားမှုက ဘယ်လို ဖြစ်ပေါ်လာခဲ့ သလဲ။

ဖြေ -------ဖြစ်ပေါ်လာတဲ့ အဓိကအခြေခံ အကြောင်းအရင်းကတော့ ဗိုလ်ချုပ်သန်းဆွေနဲ့ အပါင်း အပါတွေဟာ တဖက်ကမ်းခတ်အောင် လူပါးဝနေကြတာကို ဆက်ပြီးခွင့်မပြုနိုင်တော့လို့ဘဲ ဖြစ်တယ်။

(၁) နအဖစစ်ခေါင်းဆောင်များတွေက တိုင်းပြည်နဲ့အဝှမ်းမှာ ဒီကနေ့အထိ ဆက်လက် ဆက်တိုက် ကျူးလွန်နေတဲ့ မတရားမှုတွေကို တတိုင်း တပြည်လုံးက ခေါင်းငုံ့မခံတော့ဘူးဆိုတာကို ပြသနိုင်ဖို့ ဖြစ်တယ်။

(၂) နအဖစစ်ခေါင်းဆောင်တွေ စိတ်ကူးယဉ်နေတဲ့ လမ်းပြမြေပုံ(၇)ချက်ကို ပြောင်ပြောင်တင်းတင်း တန်ပြန်လိုက်တာ ဖြစ်တယ်။ နောက်ပြီး (၃) တိုင်းရင်းသားပြည်သူအားလုံးနဲ့ရော ပြန့်ကျဲနေ့တဲ့ နိုင်ငံရေးအင်အားစုတွေ အားလုံးအနေနဲ့ပါ အမျိုးသားလွတ်မြောက်ရေး လှုတ်ရှားမှု လမ်းကြောင်းပေါ်မှာ တစုတစည်းတည်း စုပေါင်း တော်လှန်နိုင်တယ် ဆိုတာကို သက်သေပြနိုင်ဖို့ဖြစ်တယ်။

မေး-------အမျိုးသားလွတ်မြောက်လှုပ်ရှားမှုကို ဘယ်လို ရည်ရွယ်ချက်တွေနဲ့ လုပ်ဆောင်သွားကြ မလဲ။

ဖြေ-------စစ်အာဏာရှင်စနစ်အောက်က မဖြစ်ဖြစ်တဲ့နည်းနဲ့ လွတ်မြောက်နိုင်ဖို့ ဖြစ်ပါတယ်။ အဲဒီလို လွတ်မြောက်ဖို့ဆိုတဲ့ နေရာမှာ တိုင်းပြည်အကောင်းဖက်ကို ရောက်အောင် အသေအချာ ပြောင်းလဲလာဖို့ ဖြစ်ပါတယ်။ ပြန့်ကျဲနေတဲ့ အင်အားတွေအားလုံးဟာ လမ်းကြောင်းတခုထဲပေါ်မှာ စုစုစည်းစည်း နဲ့ နအဖစစ်အာဏာရှင်စနစ်ကို တွန်းလှန်ဖယ်နိုင်ဖို့ဖြစ်တယ်။

နအဖ စစ်အာဏာရှင်စနစ်ကြီး ပုံမှန်လည်ပါတ်နေစေတဲ့ စစ်အုပ်ချုပ်ရေး ယန္ဒရားကို တွန်းလှန်ဖယ်ရှားဖို့ လုံလောက်တဲ့ စွမ်းအားထုကြီး (ပြည်တွင်းဖြစ် အောင်နိုင်စွမ်းအားထုကြီး) ဖြစ်ပေါ်လာဖို့ ဖြစ်တယ်။ တိုင်းရင်းသားပြည်သူအားလုံး အနေနဲ့ စစ်အာဏာရှင်စနစ်အောက်ကနေ လွတ်မြောက်ရမယ်ဆိုတာကို ယုံကြည်ချက်တွေ အသေအချာ ခိုင်မာလာစေဖို့ လည်း ရည်ရွယ်ထားတယ်။ ရှေ့ဆက်လုပ်ဆောင်ကြမဲ့ စေ့စပ်ဖြန်ဖြေ ဆွေးနွေးခြင်းကအစ အလုပ်တခုချင်းစီနဲ့ ခြေလှမ်းတလှမ်းတိုင်းဟာ အမျိုးသားထု တရပ်လုံး လွတ်မြောက်ရေး အတွက် အာမခံချက်အပြည့် ဖြစ်နိုင်ရေးတို့အတွက်လည်း အလေးအနက် ရည်ရွယ်သည်။
ပြည်တွင်းရော ပြည်ပမှာပါမကျန်


မေး -------တိုင်းရင်းသားအားလုံး ပူးပေါင်းပါဝင်လာနိုင်ရေး အတွက် အဆိုပြုချက် တွေက ဘာတွေ ဖြစ်သင့် သလဲ။

ဖြေ -------တိုင်းရင်းသား အားလုံး ပူးပေါင်း ပါဝင် ဦးဆောင် နိုင်ရေးဟာ အောင်မြင်ခြင်း အတွက် အသက်သွေး ကြောဖြစ်တယ်၊ နောက်ပြီး ဒီမိုကရေစီ ရရှိရေး ကြိုးပန်းခြင်းနဲ့ ထပ်တူ အရေးကြီးတဲ့ အကြောင်း အရာ ဖြစ်တာမို့ ဆွေးနွေးတဲ့ သဘောမျိုး အနေနဲ့ တင်ပြမယ်ဖြစ်ပါတယ်။

ကျွန်ုပ်တို့အနေနဲ့ အမျိုးသားရေး လှုပ်ရှားမှုကြီး အကောင်အထည် ဖေါ်နိုင်ရေးမှာ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ တိုင်းရင်းသား အဖွဲ့အစည်းတွေ တညီတညွတ်ထဲ ပါဝင် ဦးဆောင် ရေးဟာ မဟာဗျူဟာ မြောက်တဲ့ နိုင်ငံရေး ရှေ့လုပ်ငန်း တရပ်အဖြစ် ယုံကြည်ထားတယ်၊ ရည်ရွယ်ထားတယ်။

တိုင်းရင်းသား ခေါင်းဆောင်တွေဟာ တိုင်းပြည်ရဲ့ အမျိုးသားခေါင်းဆောင်တွေ အဖြစ် တန်းတူ တဆင့်တက်ပြီးတော့ ဦးဆောင်မှုမှာ ပါဝင်ခွင့် ရရှိရေးအတွက် ရည်ရွယ်တယ်။

တိုင်းရင်းသား ခေါင်းဆောင်တွေ အဖွဲ့အစည်းတွေ လောလောဆယ် ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ အန္တရာယ်တွေ၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ရေးအတွက် နိုင်ငံရေးမှာ တန်းတူပါဝင်ခွင့် မရှိသေးတဲ့ အခြေအနေတွေ အားလုံးကို အပြည့်အဝ နားလည်တယ်။ ကျနော်တို့အနေနဲ့ တိုင်းရင်းသားငြိမ်းအဖွဲ့တွေ အားလုံးကို နအဖရဲ့စိတ်ကြိုက် နယ်ကြားစောင့်တပ် အသွင်အဖြစ် ပြောင်းလဲရေးကို မနာခံဘဲနဲ့ ကြံ့ကြံ့ခံ ရပ်တည်သွားနိုင်ဖို့ ဖြစ်စေချင်တယ်။ အဲဒီလို ဖြစ်လာမယ်လို့ မျှော်လင့်ထားတယ်။ ဖြစ်လာမယ်လို့လဲ ယုံကြည်ထားတယ်။ ကျနော်တို့တတွေအားလုံး လက်တွဲလုပ်နိုင်မှ နအဖ စစ်အာဏာရှင်တွေက ကျနော်တို့ကို တဖွဲ့ချင်းစီ ရွေးချယ်ခြေမှုန်းသွားမဲ့ အန္ဒရာယ်က ကာကွယ်တားဆီးနိုင်မယ် ဖြစ်တယ်။

နအဖစစ်အစိုးရက ဦးဆောင်ကျင်းပပေးမယ်ဆိုတဲ့ ၂ဝဝ၈ ခြေခံဥပဒေကို အခြေခံတဲ့ ရွေးကောက်ပွဲဟာ တရားဝင်စစ်အုပ်ချုပ်ရေး အသွင်အဖြစ်ကို ပြောင်းလဲတာဖြစ်တယ်။ (သို့မဟုတ်) စစ်ဂိုင်းဂဏ အုပ်ချုပ်ရေးအသွင်အဖြစ်ကို ပြောင်းလဲရေးသာဖြစ်တယ်။ အဲဒီကနေမှတဆင့် လွှတ်တော်တွင်း ပြုပြင်ပြောင်းလဲရေးဆိုတာ နောက်ထပ်နှစ်ပေါင်း (၂ဝ) ကြာမယ်ဆိုရင် တိုင်းရင်းသားပြည်သူ အများစုရဲ့ ဘဝတွေဟာ တိုင်းတပါးသါးတွေရဲ့ လက်ဝေခံဘဝတွေအဖြစ်ကို ကျရောက်သွားနိုင်တယ်။ ဒါကြောင့် နိုင်ငံရေးအကျင်းသား အားလုံးကို လွှတ်ပေးခြင်းမရှိဘဲ၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရေးဆွဲခြင်းမရှိဘဲ နအဖက ကြီးမှုးကျင်းပမယ်ဆိုတဲ့ ၂ဝ၁ဝ ရွေးကေါက်ပွဲကို ကျွန်ုတော်တို့ပြတ်သားစွာ ဆန့်ကျင်ခြင်းဖြစ်တယ်။

ကျနော်တို့အနေနဲ့ စေ့စပ်ဖြန်ဖြေဆွေးနွေးခြင်း အကြောင်းအရာဟာ အမျိုးသာထုအရပ်လုံး လွတ်မြောက်ရေး အတွက် ကြိုးပန်းနေခြင်းဖြစ်တယ်လို့ ယုံကြည်ထားတယ်။ နအဖစစ်ခေါင်းဆောင်များအနေနဲ့ စေစပ်ဖြန်ဖြေဆွေးနွေးခြင်းနဲ့ စပ်လျှင်းပြီး မလုပ်ဘူးဆိုရင်လဲ အမျိုးသားထု တရပ်လုံးဟာ စစ်အာဏာရှင် စနစ်အောက်က လွတ်မြောက်ရမယ်။ လုပ်မယ်ဆိုပြီးတော့မှ ဆွေးနွေးပွဲတွေရဲ့ နိဂုံးပိုင်းနေ့ကိုရောက်မှ စစ်အာဏာရှင်တွေက စားပွဲဝိုင်းကနေ ထထွက်သွားမယ်ဆိုရင်လည်း အမျိုးသားထု တရပ်လုံးအတွက် လွတ်မြောက်ရေးဟာ အသေအချာ အောင်မြင်ရမယ်။

အဲဒီလို အသေအချာအောင်မြင်ဖို့အတွက် နိုင်ငံရေးခေါင်းဆောင်တွေ၊ အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ အဖွဲ့အစည်းတွေအပြင် ကျောင်းသားထုတရပ်လုံး၊ အလုပ်သမား၊ တောင်သူလယ်သမား၊ အသိပညာရှင်၊ အတတ်ပညာရှင်တွေအားလုံး နဲ့ သံဃာထုတရပ်လုံးဟာ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုလမ်းကြောင်းပေါ်မှာ တစုတစည်းထဲ၊ ရှိနေဖို့လိုတယ်။ တစုတစည်းထဲ လုပ်ဆောင်ပြီးစီးထားရမဲ့ အလုပ်တွေရှိတယ်။ ဒါကြောင့် တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍဟာ အောင်မြင်ခြင်းရဲ့ အသက်သွေးကြောဖြစ်တယ်။ ယခုဆိုရင် ဂျီအေဘီအင်အားစုကြီးအတွင်းမှာ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ပါဝင် ဦးဆောင်မှုဟာ တသားထဲ၊ တညီတညွတ်ထဲ ဖြစ်နေပြီဖြစ်တယ်။ အဲဒီညီညွတ်ရေးကို စစ်မှန်တဲ့ ဖယ်ဒရာယ် ပြည်ထောင်စု တည်ဆောက်နိုင်တဲ့ထိ ထိမ်းထားနိုင်မယ်လို့ ယုံကြည်ထားတယ်။


မေး-------ပြည်သူလူထုတရပ်လုံးက ပူးပေါင်းပါဝင်လာနိုင်ရေး တို့အတွက် အဆိုပြုချက်တွေက ဘာတွေဖြစ်မလဲ။

ဖြေ -------ဒီအကြောင်းအရာကိုလဲ ဆွေးနွေးတဲ့နေနဲ့ တင်ပြမယ်ဖြစ်ပါတယ်။

ဒီကနေ့ အခြေအနေတွေဟာ သေရေး ရှင်ရေးနဲ့ အမျှ အရေးကြီးတဲ့ အချိန်ကာလ ဖြစ်တယ်။ တိုင်းပြည် အကောင်းဖက်ကို ပြောင်းလဲလာဖို့အတွက် အလွန် အင်မတန်မှ တန်ဖိုးရှိတဲ့ အချိန် ကာလဖြစ်တယ်။ အလုပ်တခုခြင်းစီ ခြေလှမ်းတခုခြင်းစီဟာ အကောင်းဖက်ကို ကူးပြောင်းလာဖို့ အာမခံချက်ပေးနိုင်တဲ့ အလုပ်တွေကို လုပ်နိုင်ဖို့ အရေးတကြီး လိုအပ်နေပါတယ်။

ကျနော်တို့အနေနဲ့တိုင်းပြည်ရဲ့ အနာဂါတ်ကံကြမ္မာဟာ နအဖစစ်ခေါင်းဆောင်တွေရဲ့ သေးသိမ်နှံချာတဲ့ သဘောထားအတိုင်း ဆက်ပြီးအဖြစ်ခံမှာမဟုတ်ဘူး။ သက္ကရာဇ် (၂ဝ၁ဝ) တိုင်းပြည်ရဲ့ အပြောင်းအလဲဟာ တိုင်းရင်းသားပြည်သူတွေ အားလုံးရဲ့ သဘောဆန္ဒအတိုင်း ပြောင်းလဲစေရမယ်။ ပြည်သူတွေအရှေ့က မားမားမာတ်မာတ်ရပ်နေတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ အလုပ်သမား၊ တောင်သူလယ်သမား၊ တတ်သိပညာရှင်တွေ၊ အနုပညာရှင်တွေ၊ သံဃာခေါင်းဆောင်တွေ၊ နဲ့ တိုင်းပြည်အကောင်းဖက်ကို ရောက်လာစေဖို့ ဆန္ဒရှိတဲ့ အရာရှိအရာခံ အကြပ်တပ်သားတွေရဲ့ သဘော ဆန္ဒအတိုင်း ဖြစ်လာစေရမယ်။

ကျနော်တို့အားလုံးရဲ့ သဘောဆန္ဒအတိုင်း တိုင်းပြည်အပြောင်းအလဲ ဖြစ်လာဖို့ဆိုတဲ့ နေရာမှာ တခုတော့ရှိတယ်။ ကျနော်တို့အားလုံးဟာ လမ်းကြောင်းတခုတည်းအပေါ်မှာ တညီတညွတ်ထဲ ရှိနေဖို့လိုတယ်။ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှု လမ်းကြောင်းပေါ်ကနေ နအဖစစ်အာဏာရှင်တွေကို တညီတညာတည်း ဆန့်ကျင်နိုင်ဖို့လိုတယ်။

အဲဒီလို လမ်းကြောင်းတခုပေါ်မှာ အသေအချာ စုစည်းပြီး လုပ်ဆောင်နိုင်ဖို့အတွက် တိုင်းရင်းသားပြည်သူအားလုံးအနေနဲ့ စစ်အုပ်ချုပ်ရေးစနစ်တခုလုံးကို မကြိုက်သော်လဲ မတရားသဖြင့် နိုင်လိုမင်းထက် အုပ်ချုပ်နေတာကို ခေါင်းငုံ့ခံနေကြရတဲ့ အလေ့အကျင့်တွေကို တပြည်လုံးအတိုင်းအတာနဲ့ ပြောင်းလဲရတော့မဲ့ အချိန်ဖြစ်တယ်။ အမြဲတမ်း ခေါင်းငုံ့ခံနေကြရတဲ့ အလေ့အကျင့်ကြောင့် အချိန်ကြာလာတာနဲ့အမျှ မတရားအုပ်ချုပ်ရေးအောက် နေနေကြရတာ ထုံးစံတခုလို ဖြစ်နေခဲ့တယ်။ အာဏာပိုင်တွေအတွက် တင်းတင်းကျပ်ကျပ် အုပ်ချုပ်ဖို့ အခွင့်အရေးပေးထားသလို ဖြစ်နေခဲ့တယ်။ အာဏာပိုင်တွေက ဒီအခွင့်အရေးကိုယူပြီး တိုင်းရင်းသားပြည်သူတရပ်လုံး အမြဲတမ်းခေါင်းငုံ့ ငြိမ်နေရအောင် ဖိနိုပ်ထားဖို့ သဘောတရားတွေ ဖြစ်လာတယ်။

ကျနော်တို့ပြည်သူအားလုံးအနေနဲ့ အခုလိုစစ်အုပ်ချုပ်ရေးအောက်မှာ ပင်ပန်းဆင်းရဲ ကြီးစွာ နေနေကြရတာဟာ ဒါကျနော်တို့ ဘဝ အမှန်တွေမဟုတ်ဘူး။ အာဏာပိုင်တွေကို ကြောက်နေကြရတဲ့ ဘဝတွေက လွတ်မြောက်ရမယ်။ ဆင်းရဲတွင်းထဲက လွတ်မြောက်ရမယ် ဆိုတာကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ယုံကြည်ထားဖို့လိုတယ်။ နောက်ပြီး တိုင်းရင်းသားပြည်သူအားလုံးအနေနဲ့ မတရားတဲ့ စစ်အုပ်ချုပ်ရေးစနစ်အောက်မှာ လုံးဝမနေတော့ဘူးဆိုတာကို လူတိုင်းလူတိုင်း စိတ်ထဲမှာ ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားဖို့ လိုပါတယ်။


မေး -------ဒီမိုကရေစီ အောင်ပွဲ ရရှိဖို့ ဘယ်လိုရှေ့ဆက်ပြီးလုပ်ဆောင်ကြမလဲ။

ဖြေ -------အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုရဲ့ အဓိက ရည်ရွယ်ချက် တွေထဲမှာ စစ်အာဏာရှင် စနစ်နဲ့ စစ်အုပ်ချုပ်ရေး ယန္တရားကို လုံးဝ ရပ်ဆိုင်းသွားစေဖို့ ပါဝင်သလို၊ တချိန်တည်းမှာ ဒီမိုကရက်တစ် လူ့အဖွဲ့ အစည်းကို အစားထိုး နိုင်ဖို့လဲ ပါဝင်တယ်။ နောက်ပြီး အသစ်ပေါ်ထွက်လာနိုင်တဲ့ အာဏာရှင်အသစ်ရဲ့ အန္ဒရာယ်တွေကနေလဲ တိုင်းပြည်ကို ကာကွယ်တားဆီးနိုင်ဖို့ ထည့်သွင်းစဉ်းစားထားရမယ်။

အမျိုးသားလွတ်မြောက်ရေးလှုတ်ရှားမှုကြီး အောင်မြင်ဖို့ တားဆီးထားတဲ့ အခက်အခဲတွေက ဘာတွေရှိမလဲ။ ကျနော်တို့အားလုံး အတူတကွ အဲဒီအခက်အခဲတွေကို ဘယ်လိုကျော်လွှားနိုင်ကြမလဲ။

နောက်တခုက နအဖစစ်အာဏာရှင်စနစ် ပြုတ်ကျရေးအတွက် ပြည်သူတရပ်လုံးရဲ့ ပါဝင်ဦးဆောင်မှုတွေကို နေရာတကျဖြစ်အောင် ဘယ်လိုအကောင်အထည် ဖေါ်နိုင်မလဲ။

ဒီမေးခွန်းတွေအတွက် လူတိုင်းလူတိုင်း လုပ်နိုင်တဲ့အလုပ်တွေက တိုင်းရင်းသား ပြည်သူတွေကြားမှာ အချင်းချင်း စကားပြောရမယ်။

မတရားမှုတွေကို ဖေါ်ထုတ်ရမယ်။

နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ကိုယ်တိုင်ကိုယ်ကြပါဝင်မှု ရှိလာအောင် အချင်းချင်း အားပေးကူညီရမယ်။

အဖွဲ့အစည်းတွေ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပေါ်ထွက်လာဖို့ လိုတယ်။

နောက်ဆုံးမှာ စစ်အုပ်ချုပ်ရေးစနစ်ကြီးတခုလုံးကို လုံးဝအလိုမရှိကြောင်း တိုင်းရင်းသားပြည်သူအားလုံးက မိမိတို့ရဲ့နေအိမ်ရှေ့တွေမှာ တညီတညာထဲ တချိန်ထဲ ခြေတလှမ်းထွက်ပြီး ပြသနိုင်ပြီဆိုရင် နအဖ စစ်အာဏာရှင် တွေ အသေအချာ ပြုတ်ကျသွားစေရမယ် ဆိုတာကို တင်ပြအပ်ပါတယ်။

နိဂုံးအနေနဲ့ ပြောရရင် ဗိုလ်ချုပ်သန်းရွှေဟာ တိုင်းပြည်အာဏာကို လက်မလွှတ်ရရင် ပြီးရောဆိုပြီး ပရမ်းပတာ အုပ်ချုပ်တဲ့ အဆင့်ကိုရောက်နေပြီ။

တိုင်းရင်းသားပြည်သူအားလုံးအနေနဲ့ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကြီးမှာ ပါဝင်ဦးဆောင်လာတာနဲ့ နအဖရဲ့ နိုင်ငံရေး အာဏာဟာ လျှော့ကျ လာစေမယ် ဖြစ်တယ်။ စစ်အာဏာရှင်တွေ တုန်လှုပ် ခြောက်ခြား လာမှာဖြစ်တယ်။ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုကြီးဟာ အတိုင်းအဆမရှိ ကြီးကျယ်လာပြီးဆိုတာနဲ့ နအဖရဲ့ စစ်အုပ်ချုပ်ရေး အဆောက်အအုံကြီး ပြိုကျလာစေရမယ်။

ဗိုလ်ချုပ်သန်းရွှေ နဲ့ နအဖရဲ့ နိုင်ငံရေးအာဏာဟာ အချိန်မရွေး ပြိုကွဲသွားနိုင်တဲ့ အရာဖြစ်တယ်။ နအဖရဲ့ အုပ်ချုပ်ရေးယန္ဒရားဟာလဲ အချိန်မရွေးပြိုကွဲသွားနိုင်တဲ့ အရာဖြစ်တယ်။ နအဖရဲ့ စစ်အုပ်ချုပ်ရေးစနစ်ကြီး တခုလုံးဟာလဲ ကျနော်တို့တိုင်းပြည်မှာ မကြာခင်ပျောက်ကွယ်သွားရမယ်ဖြစ်တယ်။

Origin : HTWD
ဟံသာဝတီ website မှ ပြန်လည်ကူးယူဖော်ပြပေးပါသည်။

0 comments:

Post a Comment