Now Loading......
Information & Technology Network (ITN) is an open group.
IT knowledge sharing, Solving IT problem (proxy, virus, password recovery, etc;) Questions and Answers for Myanmar (Burma) young peoples.
Please Join with ITN
If you don't listen to radio, click to stop. Thank you !

ရုံးထုတ်နေသော အမှုတွဲများ နောက်ဆုံးအခြေအနေ

စက်တင်ဘာလဆန်းပိုင်းမှာ ရခိုင်ပြည်နယ် စစ်တွေမြို့က ဖမ်းဆီးခဲ့တဲ့ ကျောင်းသားလူငယ် ၁၁ ဦးက ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၇ ရက်နေ့က အင်းစိန်ထောင်တွင်း အနောက်ပိုင်းခရိုင် တရားရုံးမှာ အာဏာပိုင်တွေက တရားရုံးတင်လိုက်ပြီလို့ သိရပါတယ်။သူတို့ကို မတရားအသင်း ဆက်သွယ်မှုပုဒ်မ-၁၇(၁)၊ နယ်စပ်ဖြတ်ကျော်မှု၊ လူဝင်မှုကြီးကြပ်ရေး ပုဒ်မ-၁၃ နဲ့ အနောက်ပိုင်းခရိုင် တရားရုံး ဒု- တရားသူကြီး ဦးမြင့်စန်းက စစ်ဆေးမှာ ဖြစ်တယ်လို့ သူတို့ရဲ့ရှေ့နေ ဦးကျော်ဟိုးက ပြောပြပါတယ်။

အသက် ၂၀ အရွယ်ရှိ ရခိုင်လူငယ် ခိုင်ကျော်မိုး၊ ကိုကျော်ဝင်း၊ ကိုထွန်းလင်းကျော် အပါအ၀င် ၁၁ ဦးဖြစ်ပါတယ်။ သူတို့အတွက် ရှေ့နေအဖြစ် လိုက်ပါပေးမယ့် ဗဟိုတရားရုံးရှေ့နေ ဦးကျော်ဟိုးက အမှုတွဲဖိုင်ပါ ဖော်ပြချက်တွေကို အခုလို ပြောပြပါတယ်။

“သူတို့က ထိုင်းနိုင်ငံမှာရှိတဲ့ ရခိုင်အဖွဲ့တစ်ခုပဲဗျာ၊ ရခိုင်ဘယ်အဖွဲ့ကလည်း မသိဘူး၊ အဲဒီအဖွဲ့အစည်းနဲ့ ဆက်သွယ်ပြီးတော့ သင်တန်းတွေ သွားတက်ပြီး ပြန်လာတယ်၊ ဒီမှာ ဖွဲ့စည်းပြီးတော့ လှုပ်ရှားတယ်ဆိုပြီးတော့ သူတို့ကို အသင်းအဖွဲ့ ဥပဒေပုဒ်မ ၇ နဲ့ တရားစွဲထားတယ်။ကျနော်နဲ့ အပ်တဲ့သူတွေက ခိုင်ကျော်မိုး၊ ကျော်ဝင်း၊ ထွန်းလင်းကျော်၊ အားလုံး ၁၁ ယောက်၊ ဒါက အမှုတစ်ခု၊ နောက်ပြီး ထွန်းလင်းကျော်အပါအ၀င် ၆ ဦးက ပုဒ်မ လူဝင်မှုကြီးကြပ်ရေးဥပဒေ ပုဒ်မ ၁၃-၁ နဲ့ ဒါက ၆ ယောက်တစ်မှု၊ သူတို့ စစ်မဲ့ တရားရုံးက အနောက်ပိုင်းခရိုင် ဒုတိယ ခရိုင်တရားသူကြီး -၁ ဦးနုစန်းပေါ့။”

သူတို့အမှုကို လာမဲ့ ဗုဒ္ဓဟူး ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ တရားလိုဖက်ကို စတင်စစ်ဆေးမယ်လို့လည်း ရှေ့နေ ဦးကျော်ဟိုးက ပြောပြပါတယ်။

ဒီသတင်းနဲ့ တဆက်တည်းမှာ လောလောဆယ် စစ်ဆေးနေတဲ့ နောက်ထပ် အမှုတွဲတစ်ခုဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆုတောင်းနေတဲ့ အင်္ဂါဘုရားဖူးအဖွဲ့က ဒေါ်နော်အုန်းလှအပါဝင် ၄ဦးက ဒီကနေ့ တရားရုံးမှာ အပြစ်မရှိကြောင်း ငြင်းဆိုခဲ့တဲ့ အမှုနောက်ဆုံးအခြေအနေကို အကျိုးဆောင်ပေးနေတဲ့ ရှေ့နေ ဦးကျော်ဟိုးကပဲ အခုလိုပြောပြပါတယ်။


“ဒီနေ့ ပြန်ခေါ်သက်သေ တစ်ယောက်စစ်တယ်၊ သွားတဲ့အခါကျတော့ သူတို့ စွဲချက်နဲ့ ပတ်သက်လားလို့ မေးတယ်၊ ခင်ဗျားတို့မှာ အပြစ်ရှိလား မရှိဘူးလားဆိုတော့ ဒေါ်နော်အုန်းလှကတော့ အပြစ်မရှိဘူးပေါ့၊ မကွေးကျောင်းတိုက် ဆရာတော်ကို အဲဒီ ကမ္မ၀ါစ မကပ်ဘူး၊ မကပ်ခဲ့ဘူးပေါ့၊ ကပ်ခဲ့တယ်ဆိုတာ မဟုတ်ဘူး၊ ဒါကြောင့် အပြစ်မရှိဘူး။ ကျန်တဲ့ သုံးယောက်ကလည်း ဒေါ်နော်အုန်းလှရဲ့ မကွေးကျောင်းတိုက်ဆရာတော်ကို အဲဒီ ကမ္မ၀ါစာတွေ မကပ်ခဲ့တဲ့အတွက်ကြောင့် နော်အုန်းလှမှာ အပြစ်မရှိသလို သူတို့မှာလည်း အပြစ်မရှိဘူး ဒါပြီးမှ လာမယ့် ရုံးချိန်းမှာ သူတို့ တရားခံစစ် စစ်မယ်လေ။”

တရားခံအဖြစ် စွဲဆိုခံထားရသူတွေက အပြစ်မရှိဘူးလို့ ငြင်းဆိုခဲ့တဲ့အတွက် ဒီအမှုကို ဥပဒေအရ တရားခံနဲ့ တရားခံပြသက်သေတွေကို တရားရုံးက လာမဲ့ တင်္နလာနေ့မှာ ဆက်လက် စစ်ဆေးသွားမယ်လို့လည်း သိရပါတယ်။

နောက်ထပ် အမှုတွဲတစ်ခုဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောက်ပံ့ ကူညီပေးခဲ့တဲ့ ကိုစိန်လှိုင်၊ ကိုရွှေဂျိုး၊ မချို(ခ) မမြင့်မြင့်စန်းတို့ရဲ့ အမှုတွေကိုတော့ အနောက်ပိုင်း ခရိုင်ရုံး အယူခံအမိန့်ကို စောင့်နေတဲ့အတွက် မြို့နယ်အဆင့် စမ်းချောင်းတရားရုံးမှာ စစ်ဆေးမှု ခတ္တာရပ်နားထားရတဲ့ အမှုအခြေနေကိုလဲ အခုလိုပြောပြပါတယ်။

“လောလောဆယ်က သက်သေခံပြ သက်သေတွေ တင်ပြတာကို မြို့နယ်တရားရုံးက ပယ်လိုက်တာကို အမှုသုံးမှုပေါ့။ တစ်ခုက မချိုရဲ့ သက်သေ သက်သေ ၂ နဲ့ ပတ်သက်တယ်၊ နောက်တစ်ယောက်က ဦးရွှေဂျိုးရဲ့ သက်သေတွေကိုလည်း ကျနော်တို့က ရုံးကနေ ဆင့်စာထုတ်ပြီး ခေါ်ပေးပါဆိုတော့ တရားရုံးက လက်မခံဘူး ပယ်လိုက်တယ်၊ ပယ်လိုက်တော့ မစစ်ရဘူးပေါ့။ နောက်တစ်ခုကချုပ်ရက် ၆ လ ရှိတဲ့အကြောင်း မပေါ်ဘူး၊ ပေါ်အောင်ဖေါ်ပေးပါပေါ့၊ သက်ဆိုင်ရာ သတင်းတပ်ဖွဲ့က တာဝန်ခံ အရာရှိနဲ့ ထောင်တာဝန်ခံ အရာရှိတွေ ခေါ်ပြီးတော့ ဘယ်နေ့ ဘယ်ရက်က ချုပ်ထားတယ်ဆိုတာ ပေါ်အောင် မေးပေးဖို့ လျှောက်လွှာတင်ထားတာကို ပယ်တယ်။ ပယ်တဲ့အခါကျတော့ အနောက်ပိုင်း ခရိုင်တရားရုံးကို ပြင်ဆင်မှု သုံးမှုတင်တာပေါ့၊ တင်တဲ့အခါကျတော့ အနောက်ပိုင်းခရိုင်တရားရုံးက သုံးမှုစလုံးကို လက်ခံထားတယ်၊ စဉ်းစားပေးတယ်၊ ဒါကြောင့်မို့လို့ သူ့မူလ စမ်းချောင်းမြို့နယ် တရားရုံးမှာ အမှုက မစစ်တော့ဘူးပေါ့လေ၊ အမှုတွဲ ပြန်ရောက်မှ ဆက်စစ်မှာပေါ့။”

အင်းစိန်ထောင်တွင်း သီးသန့်တရားရုံးမှာ စစ်ဆေးနေတဲ့ နိုင်ငံရေးလှုပ်ရှားသူတွေရဲ့ အမှုနဲ့ ပတ်သက်ပြီး ဒီအမှုတွေကို လိုက်ပါပေးနေတဲ့ ဗဟိုတရားရုံး ရှေ့နေ ဦးကျော်ဟိုးရဲ့ ပြောပြချက်တွေ ဖြစ်ပါတယ်။

Source : DVB

0 comments:

Post a Comment