Now Loading......
Information & Technology Network (ITN) is an open group.
IT knowledge sharing, Solving IT problem (proxy, virus, password recovery, etc;) Questions and Answers for Myanmar (Burma) young peoples.
Please Join with ITN
If you don't listen to radio, click to stop. Thank you !

အဖွဲ့ချုပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲအပေါ် ဘဘဦးဝင်းတင်ရဲ့ အမြင်

ဘီဘီစီအင်တာဗျူး၊ သရုပ်ဖော် - ကာတွန်းစောငို
ဒေါ်အောင်ဆန်းစုကြည်ကတော့ အန်အယ်ဒီခေါင်းဆောင်ပိုင်းကို ပြန်လည်ပြင်ဆင် ဖွဲ့စည်းမယ်လို့ ပြောလိုက်ပါပြီ။ ခေါင်းဆောင်လူကြီးတွေကလည်း သဘောတူတယ်လို့ သိရပါပြီ။ ဒီကနေ့ကာလ အခြေအနေနဲ့ကိုက်ညီတဲ့ ပါတီ ခေါင်းဆောင်မှုကို ဘယ်လိုပုံစံမျိုး ဖွဲ့စည်းသင့်ပါသလဲ။

အန်အယ်ဒီပါတီ လက်ရှိ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်ကို ဘီဘီစီက ဆက်သွယ်ပြီး ဒေါ်အောင်ဆန်းစု ကြည် စတင်ပြောဆိုလာပြီဖြစ်တဲ့ ပါတီခေါင်းဆောင်မှု ပြောင်းလဲမယ့်ကိစ္စနဲ့ပတ်သက်ပြီး ဘယ်လိုသဘောထားရပါလဲလို့ မေးကြည့်တော့ …

ဦးဝင်းတင်။ ။ ဒီဟာက ဖြစ်လာရမယ့် ကိစ္စပဲလို့ ကျနော် ယူဆပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒီပုဂ္ဂိုလ်ကြီးများလည်း ပါတီမှာ ထမ်းဆောင်လာခဲ့တာ နှစ်ပေါင်းကို ဆယ်စုနှစ်ကို ကျော်သွားပြီနော်၊ အသက်တွေလည်းကြီးလှပြီ၊ ကျန်းမာရေး တွေကလည်း ချို့တဲ့လာပြီ ဆိုတဲ့အခါကျတော့ ဘာပဲပြောပြော သူတို့က အနားယူရမယ့် အချိန်လည်းရောက်လာတယ်။ အဲဒီအခါကျတော့ စီအီးစီက တိုးချဲ့တယ်ပဲခေါ်ခေါ်၊ အားဖြည့်တယ်ပဲခေါ်ခေါ်၊ လုပ်ရတော့မယ့် ကိစ္စပဲဗျ။

ဘီဘီစီ။ ။ ဟုတ်ကဲ့ပါ။ ကျနော်တို့လေ့လာစုံစမ်းမိသလောက် အန်အယ်ဒီ လူလတ်ပိုင်းနဲ့ လူငယ်ပိုင်းတွေက ပါတီ ခေါင်းဆောင်မှုအပိုင်းကို စနစ်တကျ ရွေးကောက်တင်မြှောက်တဲ့ပုံစံနဲ့ သွားချင်တယ်ဆိုတဲ့သဘောမျိုးတွေ တွေ့ရပါတယ်။ အဲဒါရော တကယ်လက်တွေ့မှာ ဖြစ်လာနိုင်ပါ့မလား။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ခေါင်းဆောင်တွေက အဲလိုမျိုးဖြစ်ဖို့ကို သဘောတူမယ်လို့ ထင်ပါသလားခင်ဗျ။

ဦးဝင်းတင်။ ။ ဟာ ထင်တာပေါ့ခင်ဗျာ။ ထင်တာပေါ့၊ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့အဖွဲ့အစည်းက နာမည်ကိုက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗျ၊ ဒီမိုကရေစီအဖွဲ့အစည်း။ ကျနော်တို့က အာဏာရှင်အဖွဲ့အစည်း မဟုတ်ဘူး။ အဲဒါကြောင့် ဒီမိုကရေစီကျင့်ထုံးတွေ၊ ဒီမိုကရေစီလုပ်ရပ်တွေ၊ ဒီမိုကရေစီမျှော်မှန်းချက်တွေ ရည်မှန်းချက်တွေ၊ ဒီမိုကရေစီလုပ်ဟန်တွေကို ကျနော်တို့ မူအားဖြင့်တော့ အားလုံးလက်ခံမှာပဲဗျ။
နောက်တခုက ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးတင်ဦးတို့ စသည် ဒီခေါင်းဆောင်တွေရှိနေတဲ့ (အကျဉ်းကျနေတဲ့ခေါင်းဆောင်တွေပေါ့ဗျာ) ဒီခေါင်းဆောင်တွေထဲမှာ လည်း (ခေါင်းထဲမှာလည်း၊ ရင်ထဲမှာလည်း) ဒီမိုကရေစီရေးအတွက် လုပ်လာခဲ့သူတွေ။ ဒီလူတွေဟာ မနေ့တနေ့ကမှ တက်လာတဲ့လူတွေ၊ ကြားဖြတ်ပြီးတော့မှ ဝင်လာတဲ့ လုပ်တဲ့လူတွေ မဟုတ်ဘူး။

၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး ထဲကနေ ပေါက်ဖွားလာတဲ့ ခေါင်းဆောင်တွေဖြစ်တယ်။ ဆိုတော့ အဖွဲ့ချုပ်ကိုယ်တိုင်ကလည်း ဒီမိုကရေစီအရေးတော်ပုံကြီး ကနေ ပေါက်ဖွားလာတဲ့ အဖွဲ့အစည်းဖြစ်တယ်။ အဲဒီအခါကျတော့ ကျနော်တို့က ဒီမိုကရေစီနည်းဟန်တွေနဲ့ ပတ်သက်ပြီးတော့ တွန့်ဆုတ်ခြင်း ဘာဆိုဘာမှ မရှိဘူးလို့ ပြောနိုင်တယ်။

အဲ … တခုပဲရှိတယ်။ လူငယ်တွေ အင်အားသစ်တွေကနေပြီးတော့ မျှော်မှန်းနေတဲ့ ဒီမိုကရေစီနည်းကျတင်မြှောက်ခြင်း၊ ဒီမိုကရေစီနည်းကျရွေးချယ်ခြင်း ဆိုတာတွေက တခါတလေကျတော့ အခု ဗမာပြည်မှာ အနေအထားက ဘယ်လိုဖြစ်နေလဲဆိုတော့ ကျနော်တို့ကသာ ဒီမိုကရေစီ စိတ်ထားနေတာ၊ ဒီမိုကရေစီ ရှေးရှုနေတာ။ တိုင်းပြည်ရဲ့အနေအထားက ဒီမိုကရေစီနဲ့က ကျနော်ထင်တယ် တယူဇနာ မဟုတ်တောင်မှ အတော် ကွာကွာလှမ်းလှမ်းကို ရှိနေတယ်လို့ ကျနော်တို့ ပြောရမလိုဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့မှာ ဘာလွတ်လပ်ခွင့်မှမရှိဘူးဗျာ။

ဘာပဲပြောပြော ကျနော်တို့က အားနဲ့မာန်နဲ့၊ ခွန်အားနဲ့ စိတ်ဓာတ်နဲ့ တွန်းတွန်းတိုက်တိုက်ကလေး လုပ်မယ်ပေါ့ဗျာ။ ထားရာနေ စေရာသွားဆိုတဲ့ စိတ်မဟုတ်ဘဲနဲ့ လုပ်ကြမယ်ဆိုရင်တော့ ကျနော်ထင်တယ် အခုခင်ဗျားပြောခဲ့တဲ့ ခေါင်းဆောင်သစ် ဖော်ထုတ်ရေးတို့၊ အင်အားသစ်ဖော်ထုတ်ရေးတို့၊ လုပ်ငန်းသစ်များ ဖော်ထုတ်ရေးတို့ဆိုတာတွေဟာ တနည်းမဟုတ်တနည်း အနှေးနဲ့အမြန် ပေါ်လာမှာပဲလို့ ကျနော်ကတော့ အဲဒီလိုယုံကြည်ပါတယ်ဗျာ။
ဒီဇင်ဘာလ ၁၆ ရက် ၂၀၀၉ ခုနှစ်၊ ဘီဘီစီ(မြန်မာပိုင်း) ညပိုင်းအစီအစဉ်မှ ကောက်နုတ်ဖော်ပြပါတယ်။

0 comments:

Post a Comment