Now Loading......
Information & Technology Network (ITN) is an open group.
IT knowledge sharing, Solving IT problem (proxy, virus, password recovery, etc;) Questions and Answers for Myanmar (Burma) young peoples.
Please Join with ITN
If you don't listen to radio, click to stop. Thank you !

ဖိနပ်ဖြင့်အပေါက်ခံရမည်စိုးသောကြောင့် မြန်မာသံရုံးသို့လာရောက်မည့်အစီအစဉ်ကို ဗိုလ်သိန်းစိန်ဖျက်သိမ်း


မောင်ရှင် | မဲခေါင်မြစ်ဝှမ်းအစည်းအဝေးအတွက် ဂျပန်နိုင်ငံသို့ရောက်ရှိနေသည့် နအဖစစ်အုပ်စု၏ ၀န်ကြီးချုပ်ဆိုသူ ဗိုလ်ချုပ်ကြီးသိန်းစိန်သည် အမေရိကန်နိုင်ငံတွင် ကြုံတွေ့ခဲ့ရသည့်အတိုင်း ဖိနပ်နှင့်အပေါက်ခံရမည်ဟု စိုးရိမ်သဖြင့် တိုကျိုမြို့၊ ရှီနာဂါဝါရပ်ကွက်ရှိ မြန်မာသံရုံးသို့ လာရောက်မည့်အစီအစဉ်ကို ရုတ်တရက်ဖျက်သိမ်းလိုက်ကြောင်းသိရသည်။

နိုဝင်ဘာ(၇)ရက်(စနေနေ့) ညနေ ၅း၃၀အချိန်တွင် မြန်မာသံရုံးသို့လာရောက်၍ သံအမတ်ကြီးဦးလှမြင့်နှင့်တကွ သံရုံးသူ/သားများမှ ဗိုလ်သိန်းစိန်ကို ဂါရ၀ပြုဖို့စီစဉ်ထားကြောင်း မြန်မာ့ဒီမိုကရေစီသမားများမှသိရှိသဖြင့် သံရုံးရှေ့တွင် နေလယ် ၃ နာရီမှစပြီး `လူသတ်စစ်အုပ်စုကိုယ်စားလှယ် သိန်းစိန်အလိုမရှိ`၊ ’Get out Thein Sein’ အစရှိသည့်ဆိုင်းပုဒ်များကိုင်ဆောင်၍ ကြွေးကြော်ဆန္ဒပြဖို့ပြင်ဆင်ထားကြသည်။

နံနက်ပိုင်းတွင်လည်း ဗိုလ်သိန်းစိန်တည်းခိုသည့် ‘New Otani Hotel’ရှေ့တွင် မြန်မာ့ဒီမိုသမားများမှ နံနက် ၉း၀၀ နာရီကတည်းက ပြင်းပြင်းထန်ထန်ဆန္ဒပြဖို့ စောင့်ဆိုင်းခဲ့ကြသော်လည်း ဟော်တယ်၏ရှေ့ပေါက်မှမထွက်ပဲ တခြားနေရာမှထွက်ခွာ၍ ဂျပန်ဝန်ကြီးချုပ်ဟာတိုယာမနှင့် သီးသန့်တွေ့ဆုံမည့် ဂျပန်လွှတ်တော် အဆောက်အဦသို့ တိတ်တဆိတ်ထွက်ခွာသွားခဲ့သည်။

“ကျနော်တို့ လူသတ်ကောင်သိန်းစိန်ကို ဂျပန်ကိုစရောက်ကတည်းက ပြင်းပြင်းထန်ထန်ဆန္ဒပြဖို့ ပြင်ဆင်ထားကြပါတယ်။ ဘယ်လိုပုံစံနဲ့ပဲဆန္ဒပြပြ အားလုံးဟာ မြန်မာ့ဒီမိုကရေစီအရေးကိုလိုလားလို့ မိမိဆန္ဒကိုထုတ်ဖော်ပြသကြတယ်လို့ပဲ ကျနော်တို့သဘောထားပါတယ်။ ဒီနေ့(နိုဝင်ဘာ ၇ ရက်)ဆိုရင် မနက်ကတည်းက သူတည်းခိုတဲ့ ‘New Otani Hotel’ရှေ့တည့်တည့်မှာ ပိတ်စောင့်ခဲ့တယ်။ နေ့လယ် ၁၁း၃၀ အထိ ထွက်လာတာမတွေ့ဘူး။

နောက်တော့ ဂျပန်ဝန်ကြီးချုပ်နှင့် နှစ်ဦးချင်းသီးသန့်တွေ့ဆုံဖို့ ဂျပန်လွှတ်တော်ကိုထွက်သွားပြီလို့သိရတယ်။ အဲဒီ့နေရာအထိ ကျနော်တို့လိုက်ပြီး ဆန္ဒပြခဲ့ကြတယ်။ အခုညနေပိုင်းမှာတော့ ဒီအခွန်ရုံး(မြန်မာသံရုံး)မှာ လာရောက်ပြီး ဂါရ၀ပြုခံမယ်လို့သိရှိရလို့ ကျနော်တို့အားလုံး ဆန္ဒပြဖို့ပြင်ဆင်စောင့်ဆိုင်းနေကြတာ။ ခုနက ကျနော်ပြောခဲ့သလို လူသတ်ကောင်သိန်းစိန် ဂျပန်ရောက်တဲ့အချိန်မှာ ကျနော်တို့ဘက်ကလည်း တာဝန်ကျေကြောင်းပြသတဲ့အနေနဲ့ နည်းလမ်းပေါင်းစုံနဲ့ ကန့်ကွက်ဆန္ဒပြသွားမှာဖြစ်တယ်...“ ဟု ကိုစောမျိုးခိုင်ရှင်းမှ ပြောကြားသွားခဲ့သည်။

မူလအစီအစဉ်အရ အခွန်ရုံးရှေ့ဆန္ဒပြပွဲကို နေ့လယ် ၃ နာရီမှ ညနေ ၅ နာရီအထိသာစီစဉ်ထားခဲ့ကြသော်လည်း၊ ၅း၃၀ ခွဲတွင် ဗိုလ်သိန်းစိန်ဦးဆောင်သည့် ဂျပန်ရောက် န.အ.ဖကိုယ်စားလှယ်များ ဂါရ၀ပြုခံဖို့လာရောက်မည်ဟု မြန်မာ့ဒီမိုသမားများ သိရှိသွားသဖြင့် မပြန်ကြတော့ပဲ အင်အားတိုးကာ ကန့်ကွက်ဆန္ဒပြဖို့ဆက်လက်လုပ်ဆောင်ကြသည်။

ဂျပန်ရဲများမှလည်း လုံခြုံရေးအင်အားတိုးကာ၊ ဆန္ဒပြမည့်သူများထက် ၃ ဆနီးပါးချထားခဲ့ပြီး၊ အဓိကရုဏ်းဖြိုခွဲရေးရဲများ၊ ရဲမှတ်တမ်းသတင်းထောက်များနှင့်တကွ ရှင်နာဂါဝါရဲမှူးကြီးကိုယ်တိုင်လာရောက်၍ မြန်မာသံရုံးလုံခြုံရေးအတွက် ကွပ်ကဲဆောင်ရွက်ခဲ့သည်။

ဆန္ဒပြမည့်သူများကိုလည်း မြန်မာသံရုံးနှင့် ကိုက် ၁၀၀ အကွာတွင်သာဆန္ဒပြဖို့ပြောဆိုခဲ့ပြီး၊ လိုက်နာမှုမရှိပါက ယခင်ပုံစံများအတိုင်း အင်အားသုံးဖြေရှင်းမည်ဖြစ်ကြောင်း အသိပေးပြောဆိုသည်။ ထို့အပြင် ၂၀၀၃ ခုနှစ် ဒီဇင်ဘာလအတွင်းက ဗိုလ်ခင်ညွှန့်လာခဲ့စဉ်အချိန်က လက်စလက်နရှိခဲ့သည့်သူများ၊ ဗိုလ်ဋ္ဌေးဦးလာခဲ့စဉ်က ခွပ်ဒေါင်းအလံလွှင်ထူခဲ့သူများနှင့် ဂျပန်လုံခြုံရေးတာဝန်ခံများ၏ အထူးသတိထား စောင့်ကြည့်စာရင်းထဲတွင်ပါဝင်သည့် မြန်မာ့ဒီမိုသမားများကို လူတစ်ဦးလျင် လုံခြုံရေးရဲ ၄ ဦးခြံရံ၍ သွားလေရာနောက်သို့ တစ်ကောက်ကောက်လိုက်ပါ စောင့်ကြည့်ခဲ့ကြသည်။ ဆိုင်းပုဒ်ကိုင်ပြီး ဆန္ဒပြမည့်သူများကိုလည်း ခရမ်းချဉ်သီး၊ ဖိနပ်၊ ရေးဗူးအစရှိသည့် ပစ္စည်းကိရိယာများ ပစ်ပေါက်ခြင်းမပြုလုပ်ကြရန် ရဲမှူးကြီးကိုယ်တိုင်က လာရောက်ပြောဆိုသည်။

ည ၉း၃၀ အထိ မြန်မာ့ဒီမိုသမားများမှ ကန့်ကွက်ဆန္ဒပြဖို့ စောင့်ဆိုင်းခဲ့ကြသော်လည်း ဗိုလ်သိန်းစိန်အဖွဲ့သည် မြန်မာသံရုံးသို့ လာရောက်ကြည့်ရှု၍ ဂါရ၀ပြုခံမည့်အစီအစဉ်ကို ဖျက်သိမ်းသွားကြောင်း ဂျပန်နိုင်ငံခြားရေးရုံးမှတာဝန်ခံများ၏အကြောင်းကြားချက်အရ လုံခြုံရေးယူထားသည့်ရဲများနှင့်တကွ၊ ကန့်ကွက်ဆန္ဒပြမည့်သူများပါ ည ၁၀ နာရီကျော်ကျော်တွင် ရုပ်သိမ်းသွားခဲ့ကြသည်။

နအဖစစ်အုပ်စု၏ အဆင့်မြင့်ကိုယ်စားလှယ်များသည် ဂျပန်သို့ရောက်တိုင်း တိုကျိုမြို့၊ ရှင်နာဂါဝါရပ်ကွက်ရှိ မြန်မာသံရုံးသို့ လာရောက်ကြည့်ရှုစစ်ဆေးရစမြဲဖြစ်ပြီး “မြန်မာသံရုံးဝန်ထမ်းများ၏ ဂါရ၀ပြုပွဲ“ဟု ဆိုင်းပုဒ်တပ်ကာ တန်စိုးလာဒ်ဆောင်ပေးအပ်ခြင်းကို ကျေကျေနပ်နပ်ကြီးယူကြစမြဲဖြစ်သည်။ ဗိုလ်သိန်းစိန်လက်ထက်ကျမှ မိမိအား မြန်မာ့ဒီမိုကရေစီလိုလားသူများနှင့် မြန်မာ့အရေးကိုထောက်ခံသည့် ဂျပန်လူမျိုးတို့မှ ပြင်းပြင်းထန်ထန်ကန့်ကွက်ခံရမည်ကို စိုးရိမ်ကြောင့်ကျသဖြင့် မြန်မာသံရုံးသို့လာရောက်မည့် အစီအစဉ်ကိုဖျက်သိမ်းလိုက်ခြင်းဖြစ်သည်။

ပြုတ်သွားပြီး နေအိမ်အကျယ်ချုပ်အချခံထားရသည့် နအဖ၀န်ကြီးချုပ်ဟောင်း ဗိုလ်ခင်ညွန့်လာရောက်ခဲ့စဉ် အချိန်တုန်းက မြန်မာသံရုံးသို့ ဂါရ၀ပြုခံဖို့လာသည့်အချိန်တွင် မြန်မာ့ဒီမိုသမားအချို့မှ ဟိုင်းဝေးလမ်းမပေါ်အထိ သက်စွန့်ဆံဖျားသွားရောက်ပြီး ဗိုလ်ခင်ညွန့်ကားကို ခွပ်ဒေါင်းအလံနှင့်ဖုံးအုပ်ခြင်း၊ ဗိုလ်ခင်ညွန့်နှင့် နိုင်ငံခြားရေးဝန်ကြီးဗိုလ်ဝင်းအောင်(ကွယ်လွန်)ကို တစ်ရှုးဖြင့်အနီးကပ်ပစ်ပေါက်ခြင်းများ ပြုလုပ်၍ ဆန္ဒပြခဲ့ကြသည်။ သံရုံးရှေ့တွင်လည်း ဆန္ဒပြသူအင်အားရာနှင့်ချီကာ ပိတ်ဆို့ကန့်ကွက်ဆန္ဒပြခဲ့မှုကြောင့် ဗိုလ်ခင်ညွန့်အကြီးအကျယ်စိတ်ဆိုးကာ မြန်မာသံရုံးဝန်ထမ်းများကို ကြိမ်းမောင်းဆဲဆိုခြင်း၊ ဂျပန်ရဲများ၏ လုံခြုံရေးအားနည်းကြောင်း ဂျပန်ဝန်ကြီးချုပ်(ဟောင်း) ကိုအိဇူမိနှင့်တွေ့ဆုံစဉ် တိုင်တန်းပြောဆိုခြင်းများ ပြုလုပ်ခဲ့သည်။

ဗိုလ်သိန်းစိန်သည်လည်း ယခင်ဝန်ကြီးချုပ်ဟောင်းဗိုလ်ခင်ညွန်လိုပုံစံမျိုး မိမိကားအား ခွပ်ဒေါင်းအလံနှင့်ဖုံးအုပ်ခြင်း၊ ဖိနပ်၊ ရေးဗူး၊ အမှိုက်သရိုက်အစရှိသဖြင့် တစုံတခုသော ပစ္စည်းကိရိယာနှင့် ပစ်ပေါက်ခံရခြင်းရှိခဲ့ပါက အရှက်တကွဲဖြစ်ကာ၊ ကံနိမ့်သည်ဟုယူဆသဖြင့် သံရုံးသို့လာရောက်မည့်အစီအစဉ်ကို ယခုလိုမျိုးရုတ်တရက် ဖျက်သိမ်းလိုက်ခြင်းဖြစ်နိုင်ကြောင်း ဂျပန်ရှိ မြန်မာ့ဒီမိုသမားများမှ သုံးသပ်ပြောဆိုကြသည်။

0 comments:

Post a Comment