Now Loading......
Information & Technology Network (ITN) is an open group.
IT knowledge sharing, Solving IT problem (proxy, virus, password recovery, etc;) Questions and Answers for Myanmar (Burma) young peoples.
Please Join with ITN
If you don't listen to radio, click to stop. Thank you !

ဒီမိုကရေစီစနစ်၊ ဖက်ဒရယ်ပြည်ထောင်စုနှင့် တခုတည်းသော တပ်မတော်

NEJ - ခေတ်ပြိုင် အယ်ဒီတာ့အာဘော် | ယခုအခါ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးစုအားလုံးသည် စစ်အာဏာရှင် စနစ်ဆိုးအောက်မှ လွတ်မြောက်ပြီး ဒီမိုကရေစီနိုင်ငံတော် ထူထောင်နိုင်ရေးအတွက် နည်းမျိုးစုံဖြင့် တိုက်ပွဲဝင်လျက်ရှိကြပေသည်။ စစ်အာဏာရှင်စနစ်ဆိုးအောက်မှ လွတ်မြောက်သည့်အခါ တိုင်းရင်းသား လူမျိုးပေါင်းစုံ စုစည်းနေထိုင်ကြမည့် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုကို ကာကွယ်ရန်အတွက် ယခုရှိနေသည့် လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးကို စုစည်းပြီး ညီညွတ်သည့် တခုတည်းသော တပ်မတော် အဖြစ် ပြင်ဆင်ဖွဲ့စည်းရန် လိုအပ်သည်ဆိုသည်ကိုလည်း အားလုံးက ကိုယ်စီကိုယ်င လက်ခံ သဘောတူကြပေသည်။ မည်သို့မည်ပုံ စနစ်တကျ ပြင်ဆင်ဖွဲ့စည်းတည်ထောင်မည် ဆိုသည်ကိုသာ ၀ိုင်းဝန်း စဉ်းစား အကောင်အထည်ဖော်ကြရမည်ဖြစ်ပေသည်။

ထို့နည်းတူ ယနေ့လက်ရှိတွင် နိုင်ငံတော်အာဏာကို လက်နက်အားကိုးနှင့် မတရားရယူသိမ်းပိုက်ထားသည့် နအဖစစ်အုပ်စုကလည်း သူတို့စိတ်ကြိုက်ရေးဆွဲပြီး လိမ်လည်အတည်ပြုထားသည့် ၂၀၀၈ အခြေခံဥပဒေတွင် ပါရှိသည့်အတိုင်း တိုင်းပြည်ကို စစ်ကျွန်ပြုနိုင်ရေးအတွက် သူတို့ ရာသက်ပန် ကြိုးကိုင်ခြယ်လှယ်နိုင်မည့် “အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီသည့် တခုတည်းသော မျိုးချစ်တပ်မတော်” ဆိုသည်ကို ထူထောင်နိုင်ရန် အစွမ်းကုန် စိုင်းပြင်းနေသည်ကို တွေ့ရပေသည်။

နအဖစစ်အုပ်စုသည် သူတို့ ရာသက်ပန်ကြိုးကိုင်ခြယ်လှယ်နိုင်မည့် တခုတည်းသော စစ်တပ်ကို ထူထောင် နိုင်ရေးအတွက် လွန်ခဲ့သည့် အနှစ် (၂၀)ခန့်က အပစ်အခတ် ရပ်စဲထားခဲ့ကြသည့် လက်နက်ကိုင် တပ်ဖွဲ့များကို နယ်ခြားစောင့် တပ်ဖွဲ့အသွင် ကူးပြောင်းရန် အပူတပြင်း ဖိအားပေး လုပ်ဆောင်နေသည်။

န၀တ/နအဖစစ်အုပ်စုသည် ၁၉၈၈ ခုနှစ် စက်တင်ဘာလတွင် အာဏာသိမ်းပြီးနောက် ပြည်တွင်းပြည်ပ ဒီမိုကရေစီ အင်အားစုများကို အချိန်ယူဖြိုခွဲနိုင်ရေးအတွက် နယ်စပ်ဒေသအသီးသီးရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို စီးပွားရေးလုပ်ပိုင်ခွင့် မက်လုံးပေးပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးကာ အပစ်အခတ် ရပ်စဲရေးများ ဆက်တိုက်လုပ်ဆောင်ခဲ့သည်။ တနည်းအားဖြင့်ဆိုရလျှင် ရေရှည်၌ လက်နက်ကိုင် တပ်ဖွဲ့ ခေါင်းဆောင်များ အားလုံး စီးပွားရေးလောဘဇောတိုက်ပြီး အောက်ခြေထုနှင့် ကင်းပြတ်ကာ ရေမြွေများ ဖြစ်သွားမည်ဟု စစ်အုပ်စု မျှော်လင့်ခဲ့ပုံပေါ်သည်။ ထိုသို့ရေမြွေဖြစ်ချိန်ကျမှ အလွယ်တကူ ခြေမှုန်းနိုင်ရန် ရည်ရွယ်ပြီး ဉာဏ်နီဉာဏ်နက်ထုတ် လုပ်ဆောင်ခဲ့ခြင်းဖြစ်နိုင်ပေသည်။

ယခုအခါ နအဖစစ်အုပ်စုမှ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို အတင်းအကျပ် ဖိအားပေး လုပ်ဆောင် လာသည့် အခါတွင် စီးပွားရေးလောဘဇောတိုက်ကာ ရေမြွေဖြစ်သွားခဲ့ကြသည့် အပစ်ရပ်တပ်ဖွဲ့အများစုက နအဖ၏ လိုလားချက်ကို အလွယ်တကူ လိုက်လျောခဲ့ကြရပြီး တင်းခံနေသည့် အဖွဲ့များထဲမှ အင်အား အနည်းဆုံးဖြစ်သော ဦးဖုန်ကြားရှင် ဦးဆောင်သည့် မြန်မာနိုင်ငံလူမျိုးစုများဒီမိုကရေစီမဟာမိတ်တပ်ပေါင်းစု (MNDAA) ကိုလည်း နအဖက အင်အားသုံး တိုက်ခိုက်ပြခဲ့ပြီ ဖြစ်သည်။

ဆက်လက်ပြီး နယ်ခြားစောင့်တပ်ဖွဲ့အသွင်ကူးပြောင်းရန် ငြင်းဆန်နေသည့် ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၊ ကချင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (KIO)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (NDAA – ESS) မိုင်းလားအဖွဲ့၊ ရှမ်းပြည်မြောက်ပိုင်းတပ်မတော် (SSA-N)၊ မွန်ပြည်သစ် ပါတီ (NMSP) တို့ကိုလည်း အတင်းအကျပ် ဖိအားပေးလုပ်ဆောင်ရန် နအဖစစ်တပ်မှ စစ်ရေး ပြင်ဆင်မှုများ တိုးမြှင့်လုပ်ဆောင်နေသည်ကို တွေ့ရပေသည်။

သို့သော် နယ်ခြားစောင့်တပ်ဖွဲ့ရေး လက်ခံရန် ကျန်ရှိနေသည့် အပစ်ရပ်တပ်ဖွဲ့များမှာ အင်အားကိုယ်စီကိုယ်င ရှိကြသည့် နည်းတူ အလွယ်တကူ အညံ့ခံမည့် အနေအထား မတွေ့ရသည့်အတွက် ဗိုလ်သန်းရွှေ ဦးစီးသည့် နအဖ စစ်အုပ်စုက အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရားရူးရူးကာ အတင်းအဓမ္မ မဆင်မခြင် ထိုးစစ်ဆင် တိုက်ခိုက်မည် ဆိုလျှင် တိုင်းပြည်အနေဖြင့် ပြည်တွင်းစစ်မီး အကြီးအကျယ်တောက်လောင်ပြီး အလုံးစုံ ပျက်သုဉ်း ကြေမွမည့် အခြေအနေသို့ ဆိုက်ရောက်သွားနိုင်ပေသည်။

ထိုသို့သော အခြေအနေဆိုးကြီးကို ရှောင်ရှားနိုင်ရန်နှင့် စစ်အုပ်စု၏ အနာဂတ်ထွက်ပေါက် ကောင်းမွန် လှပစေရန်အတွက် နအဖအနေဖြင့် တိုင်းပြည်အား စစ်ကျွန်ပြုရေးစီမံကိန်းကို စွန့်လွှတ်ဖျက်သိမ်းပြီး တိုင်းရင်းသားလူမျိုးစုအားလုံးက လက်ခံသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်များ၊ ပြည်သူ့ကိုယ်စားလှယ်များနှင့် အကျေအလည် ညှိနှိုင်းဆွေးနွေးပြီး အပြောင်း အလဲ တရပ် အမြန်ဆုံးဖော်ဆောင်ရန် အကြံပြုလိုပေသည်။

ထို့နောက် အင်အားစုအသီးသီးက လက်ခံသည့် ဖက်ဒရယ်ပြည်ထောင်စုအစိုးရတရပ်ပေါ်ပေါက်ရေး ၀ိုင်းဝန်း ကြိုးပမ်းပြီး ထိုအစိုးရ၏ ဦးဆောင်လမ်းညွှန်မှု၊ တိုင်းရင်းသားအင်အားစုအသီးသီး၊ နိုင်ငံရေး အင်အားစု အသီးသီး၏ ကောင်းမွန်သော အကြံပြုမှုများဖြင့်သာ တခုတည်းသော စုစည်းညီညွတ်သည့် ပြည်သူ့ တပ်မတော်ကို ၀ိုင်းဝန်းထူထောင်ကြပါစို့ဟု ခေတ်ပြိုင်က တိုက်တွန်းရေးသားလိုက်ရပေသည်။

အမှန်တရား ဂျာနယ် အယ်ဒီတာ့ အာဘော်

အမှန်တရားဂျာနယ် အတွဲ ၁ ၊ အမှတ် ၈

အခြေခံ ဥပဒေကို စိတ်တိုင်းကျ ရေးဆွဲထားပြီး အဘက်ဘက်မှ အသာစီးယူ ကြိုတင် ပြင်ဆင် ထားသော်မှ ကိုယ့်ကိုကိုယ် ယုံကြည်မှု မရှိသေးသည့် စစ်အာဏာရှင်တို့သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များကို နယ်ခြားစောင့်တပ်ဖွဲ့ကြရန် ရွေးကောက်ပွဲ ဝင်ကြရန် အတင်း ဖိအားပေး ဆောင်ရွက်ရာမှ တင်းမာမှုများ ဖြစ်လာပြီး တိုက်ပွဲများ ပြန်လည်ဖြစ်ပွား လာသည်အထိ ဖြစ်ခဲ့ ရသည်။ ထိုအပြင် သူတို့ အလိုကျ မဆောင်ရွက်လျှင် အပြီးအပြတ် ခြေမှုန်းမည်ဟု လေသံပစ်နေသည်။

ဒီမိုကရေစီရေး လှုပ်ရှားသူများ၊ တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းများကလည်း ထိုသို့ဇွတ်တိုး လုပ်ကိုင်လာလျှင် လူထု တိုက်ပွဲဖြင့် ပြောင်းလဲရန် လုပ်ငန်းစဉ်များ ဖေါ်ဆောင် စုစည်း လာနေကြသည်။ နအဖ တို့ အနေဖြင့် သူတို့ လမ်းပြမြေပုံ အတိုင်း ဇွတ်ဆက်သွားလျှင် အလုံးစုံသော ထိပ်တိုက်ရင်ဆိုင်မှုများဖြင့် မလွဲမသွေ ရင်ဆိုင်ရ ပေတော့မည်။

ထိုအကျပ်အတည်းများမှ လွတ်မြောက်နိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်က ဦးသန်းရွှေထံ တိုက်ရိုက် စာရေးကာ ပူးပေါင်းညှိနိုင်း ဆောင်ရွက်နိုင်ရန် လမ်းဖွင့်ပေးခဲ့သည်။ ဦးသန်းရွှေ အတွက် ရွှေလက်ဖြင့် ကြိုဆိုသော အခွင့်အရေးဟု ဆိုရပေမည်။ ထိုအခြေအနေအတိုင်း ပါးနပ်စွာဖြင့် ဆွေးနွေး ညှိနိုင်း ဆောင်ရွက် ခဲ့လျှင် ယခု အကြပ်အတည်းကို အေးချမ်း စွာ ပြေလည်စေနိုင်သည့် ထွက်ပေါက်လဲ ဖြစ်သည်။ ထို့အတူ သမိုင်းအစဉ်အလာ ကြီးမားခဲ့သော တပ်မတော်၏ ဂုဏ်သိက္ခာကို ပြန်လည် ဆယ်ယူနိုင်မည့် အခွင့်အရေးလဲ ဖြစ်ပေသည်။

ဆွေးနွေးညှိနိုင်း အဖြေရှာကြခြင်းဖြင့် ပြေလည်နိုင်စေမည့် အခွင့်အလမ်းကို မြေသို့ ချနင်းပြီး ထိပ်တိုက် ရင်ဆိုင် အလုံးစုံ ပျက်စီးရေး လမ်းကြောင်းဖြစ်သည့် ထို၂၀၁၀ ရွေးကောက်ပွဲ လမ်းကြောင်းကို ဆက်လက် ဆုတ်ကိုင် သွားမည် ဆိုလျှင်တော့ ကမ္ဘာပေါ်တွင် မည်သည့် စစ်အာဏာရှင်မှ ဇတ်သိမ်း မကောင်းခဲ့သည့် အဖြစ်ကို သတိမူသင့်သည်။ အလောင်းကိုပင် ဂူသွင်းသင်္ဂြိုလ်ရန် မဝံ့ခဲ့သည့် သွားလေသူ ဦးနေဝင်းကို သင်္ခန်းစာ ယူသင့် သည်။

ယခုအချိန်တွင် ဦးသန်းရွှေသာ မဟုတ်ပဲ မည်သည့် တပ်မတော်ခေါင်းဆောင်တွင် မဆို တပ်မတော်၏ ဂုဏ်သိက္ခာကို ကယ်တင်ရန်၊ တိုင်းပြည်အလုံးစုံ ပျက်စီးမည့် အရေးမှ ကယ်တင်ရန်၊ မိမိတို့ သားစဉ်မြေးဆက် နာမည်ပျက် အရှက်ရတော့မည့် အရေးမှ ကယ်တင်ရန် ညီတူညီမျှ အခွင့်အရေး ရှိနေကြသည်ဟု လေးနက်စွာ ယုံကြည်ပါသည်။

0 comments:

Post a Comment