Now Loading......
Information & Technology Network (ITN) is an open group.
IT knowledge sharing, Solving IT problem (proxy, virus, password recovery, etc;) Questions and Answers for Myanmar (Burma) young peoples.
Please Join with ITN
If you don't listen to radio, click to stop. Thank you !

နှောင်ကြိုးမဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ခြင်းမဟုတ်ကြောင်း လွတ်မြောက်လာသူတဦး ပြောဆို

အကျဉ်းသားများ လွှတ်ပေးရာတွင် နှောင်ကြိုးမဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ခြင်းမဟုတ်ကြောင်း သရက်အကျဉ်းထောင်မှ လွတ်လာမြောက်ပြီး ထိုင်း-မြန်မာနယ်စပ်သို့ ရောက်လာသည့် နိုင်ငံရေးအကျဉ်းသားတဦးဖြစ်သူ ကျောင်းသားတပ်မတော် ရဲဘော်ဟောင်း ကိုရန်အောင်ရွှေက ပြောသည်။

ယခုကဲ့သို့ လွှတ်ပေးလိုက်သည့် အကျဉ်းသားများမှာ အာဏာပိုင်များအား အနှောင့်အယှက်မပေးနိုင်သူများနှင့် လွတ်ရက်စေ့ခါနီးသူများဖြစ်ပြီး ထောင်ထွက်ဝရမ်းတွင်လည်း နောက်တကြိမ် ပြစ်မှုကျူးလွန်လျှင် ယခင်ပြစ်ဒဏ်ပါ ပြန်ခံရမည်ဟု ပါရှိကြောင်း ၎င်းက ပြောသည်။

“အခု ကျနော်တို့ကို လွှတ်တယ်ဆိုတာ တကယ် အနှောင်အဖွဲ့ကင်းကင်းနဲ့ လွှတ်လိုက်တာမဟုတ်ပါဘူး။ ကျနော်တို့ဆိုရင် နိုင်ငံရေးနောက်ခံ မရှိတော့တဲ့ အချိန်မျိုးဖြစ်နေပြီး လွတ်ခါနီးဖြစ်နေတာလည်းပါလို့ လွှတ်လိုက်တဲ့ သဘောပါပဲ” ဟု ပြောသည်။

၎င်းပြန်လွတ်လာစဉ် အာဏာပိုင်များဘက်မှ တစုံတရာ ဖိအားပေး လက်မှတ်ထိုးခိုင်းခြင်းများ မရှိသော်လည်း ထောင်အာဏာပိုင်များက အခမ်းအနားနှင့် လွှတ်ပေးခြင်းဖြစ်ကာ ထောက်ထွက်ဝရမ်းတစောင်နှင့် ငွေ ၁,၀၀၀ ကျပ်ပေးပြီး ပြန်လွှတ်ပေးခြင်းဖြစ်ကြောင်း ကိုရန်အောင်ရွှေက ဆက်လက်ပြောသည်။

“ဒီတကြိမ်မှာ ကျနော်တို့တိုက်က ဘမျိုးသိန်းနဲ့ ကျနော် နှစ်ယောက်ပါတယ်။ ဘမျိုးသိန်းက ပထမတခါလိုပဲ (၄၀၁) ကို ထိုးရမယ်ဆိုရင် မထိုးဘူးဆိုပြီး ပြောတယ်။ အဲဒါနဲ့ ထောင်ပိုင်က ခေါ်တွေ့ပြီး (၄၀၁) မှာတော့ လက်မှတ်မထိုးပါနဲ့၊ တခြား မိသားစုကိစ္စ ပုံစံမျိုးမှာ ပြန်ထိုးခိုင်းတယ်။ အဲဒါကို ဘမျိုးသိန်းက ထိုးပါမယ်ဆိုပြီး ပြောတယ်။ နောက်တော့ (၈) နာရီမှာ ထောင်ပိုင်တွေက အခမ်းအနားနဲ့ လွှတ်တယ်။ ဘမျိုးသိန်းကိုတော့ ခေါ်ထားလိုက်တယ်” ဟု ပြောသည်။

ကိုရန်အောင်ရွှေသည် ယခင်က ကျောင်းသားတပ်မတော် (ABSDF) တပ်ရင်း (၉၀၉) မှ ရဲဘော်တဦးဖြစ်ပြီး ၁၉၉၅ ခုနှစ်တွင် တပ်မှထွက်ကာ သာရေးနာရေးအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေရင်း ပြည်တွင်းသို့ ပြန်ဝင်စဉ် ဖမ်းဆီးခဲ့ရခြင်းဖြစ်ကာ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခြင်းခံခဲ့ရသူဖြစ်သည်။

“ကျနော် ထောင်ကျတာက ၁၅ နှစ်ပါ။ ၁၇(၁) တရားမဝင်အဖွဲ့အစည်းများနဲ့ ဆက်သွယ်မှုနဲ့က ၃ နှစ်၊ နောက်တမှုက လက်နက်ပါတယ်ဆိုပြီး ဘာလက်နက်မှမမိဘဲနဲ့ ၇ နှစ် ချလိုက်တယ်။ (လဝက)အမှုနဲ့က ၅ နှစ် ချလိုက်ပါတာပါ” ဟု ကိုရန်အောင်ရွှေက ရှင်းပြသည်။

ထောင်မှ ထွက်လာပြီးနောက် မိသားစုအခြေအနေမှာ ယိုင်လဲနေပြီး အာဏာပိုင်များဘက်မှလည်း ဖိအားပေးမှုများ ရှိလာနိုင်သည့် အခြေအနေများကြောင့် ပြည်တွင်းတွင် ဆက်လက်နေထိုင်ရန် အခက်အခဲများရှိကြောင်း ၎င်းက ပြောသည်။

“ထောင်ထွက်လက်မှတ်က ဂိတ်တဂိတ်ကို တခါဝင်တိုင်း ပြရတယ်။ အဲဒီမှာ စစ်ဆေးမေးမြန်းတာတွေက တော်တော်များများ လုပ်တယ်။ ဒီလိုသာ စစ်ဆေးမေးမြန်းနေမယ်ဆိုရင် ရေရှည်မှာ ကျနော်တို့ နေရထိုင်ရတာ အခက်အခဲရှိတယ်။ ကျနော်တို့ဘဝအခြေအနေက ဘယ်လိုမှ မလုံခြုံတော့ဘူး။ အဲဒါကြောင့် ဒီကိုထွက်လာတာ” ဟု ပြောသည်။

သရက်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၈ ဦး လွှတ်ပေးရာတွင် အာဏာပိုင်များက ကိုဘမျိုးသိန်းကို ပြန်လွှတ်ပေးခြင်းမရှိဘဲ ဆက်လက်ထိန်းသိမ်းထားခဲ့ပြီး စစ်အစိုးရအနေဖြင့် အကျဉ်းသား ၇,၀၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေး၍ လွှတ်ပေးလိုက်သည်ဆိုသော်လည်း နိုင်ငံရေးအကျဉ်းသား ၁၂၈ ဦးသာ ပါဝင်ခဲ့သည်။
ရိုးမ ၃ မှရယူသည်။

0 comments:

Post a Comment